Home သတင်း သင်္ကြန် အကြတ်နေ့တွင် ကမ်းနီးရွာဘုန်းကြီးကျောင်း ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခံရပြီး အရပ်သား ၆ ဦးသေဆုံး...

သင်္ကြန် အကြတ်နေ့တွင် ကမ်းနီးရွာဘုန်းကြီးကျောင်း ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခံရပြီး အရပ်သား ၆ ဦးသေဆုံး သံဃာ ၄ ပါးနှင့် ၃၀ ဦးကျော် ဒဏ်ရာရ

154
Photo: CJ

ဧပြီ ၁၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တစ်ဖက်ကမ်းရှိ ကမ်းနီးစံပြကျေးရွာ၊ ဘုန်းကြီးကျောင်းပေါ်သို့ ယနေ့ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့)တွင် စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦး သေဆုံးပြီး၊ သံဃာ ၄ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃၀ ဦး ကျော် ဒဏ်ရာရရှိသွားသည်ဟု ကနဦး သတင်းရရှိသည်။

လက်ရှိ ကမ်းနီးစံပြ ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ယနေ့ နေ့လည် ၁၁ နာရီ ကျော်ချိန်တွင် အဆိုပါ ဗုံးကြီးကျောင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးထိမှန်သွားသလို ဥပုဒ် စောင့်နေသည့် ရွာသား များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ယခုလို ပြောသည်။

“စစ်တပ်က ဗုံးကြီး ၂လုံး ပြိုင်တူ လာကြဲချတာ ဘုန်းကြီးကျောင်းဝင်းထဲရယ်၊ အပြင်က ကားတစ်စီးရယ်ကို မှန်တာ၊ အဲ့မှာလူ ၆ ယောက်ကတော့ ဆုံးတယ်။ ကျန်တဲ့ ဘုန်းကြီး ၄ ပါး နဲ့ ဥပုဒ် စောင့်တဲ့ ရွာက လူတွေ ၃၀ ကျော် ကတော့ ဒဏ်ရာပြင်းထန်တယ်။ ဆွမ်းကပ် နေတုန်းလေယာဉ်လာကြဲချတာ၊ ဘုန်းကြီး၂ ပါး ကတော့ စိုးရိမ် ရတယ်။ ဖားအံဘက်ပို့ နေပြီး။ ထိခိုက်တဲ့လူ များတယ်၊ အခုထိ အကုန်မသိ သေးဘူး” ဟု ကျုံဒိုးသရက်တောရွာ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောပါသည်။

စစ်ကောင်စီက ကမ်းနီးဘုန်းကြီးကျောင်း ကိုလေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ချိန်တွင် ကျောင်းအနီးသို့ ရောက်ရှိသည့် အိမ်စီးကားတစ်စီးကို ဗုံးထိမှန်သည့်အတွက် ကားထဲရှိ လူ ၃ ဦး ပွဲချင်းပြီးသေဆုံးသွားသည်ဟု အခြား ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မနက်က လက်နက်ကြီးတွေ လေယာဉ်တွေလာတော့ လူတွေက ထွက်ပြေးတယ်။ အဲဒီမိသားစုလည်း ထွက်ပြေး ဖို့လုပ်တယ် ကားကိုဗုံးထိမှန်တော့ ကားထဲမှာရှိတဲ့ လူတွေ သေဆုံးရတယ်။ အသေးစိတ်ကိုလည်း ကျမတို့ မသိရသေးဘူး။သင်္ကြန်ဆိုတော့ ဘုန်းကြီးကျောင်းမှာ လူတွေရှိတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်သည့်အတွက် ကန်းနီးဓမ္မာရုံကျောင်းကြီး ထိခိုက်ပျက်ဆီးသွားရကာ ကျေးရွာအတွင်းရှိ ပြည်သူများလည်း အခြားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် နေကြသည်ဟု သိရသည်။

Photo: CJ

ယမန်နေ့ ညပိုင်းအချိန်မှစ၍ ငါးတိုင်၊ ကိုးတိုင်နေရာများတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်- KNLA၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေသလို ရင်ကွဲတောင် အနီးဝန်းကျင် တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိုးစစ်ဆင်သည့်အတွက် စစ်ကောင်စီဘက်မှ အနီးနားဝန်းကျင် ကျေးရွာ များသို့ အမြောက်၊ လက်နက်ကြီးအပြင် လေကြောင်းနှင့် အပြင်းအထန်ပစ်ခတ်တိုက်ခိုက် နေသည်ဟု သိရသည်။

စစ်ကောင်စီအမြောက်လက်နက်များနှင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ရေပူ၊ ကော့ဝါးလယ်၊ တောင်ကြာအင်း၊ ကမ္မရိုက်၊ မိဂလုံနှင့် ကမ်းနီးစသည့် ကျေးရွာအများအပြားကို လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ် နေသည်ဟု သိရသည်။

တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးအပြင် လေကြောင်းပစ်ခတ်တိုက်မှုကြောင့် ကော့ကရိတ်-ကျုံဒိုးလမ်းမကြီးဘေးရှိ ကျေးရွာအများနှင့် ကျုံဒိုးတစ်ဖက်ကမ်းရှိ ကျေးရွာလူထုများလည်း သင်္ကြန် အကြတ်နေ့ တွင် ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ဧပြီလ ၁၀ရက်နေ့ကလည်း ကော့ကရိတ်တောင်ပိုင်းရှိ မောင်းမရွာသစ်ကျေးရွာထဲကို စစ်ကောင်စီတပ်ဘက်မှ ဒရုန်းဗုံးဖြင့် သွားရောက်ပစ်ခတ် ရာ အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အသက် ၅၅ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ- ဒူးပလာယာခရိုင်ဘက်မှ သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့တွင် အဆိုပါကော့ကရိတ် တောင်ပိုင်းရှိ အံကောင်၊ ကျိုက်သလိုက်၊ ဒေါက်ပလန် ကျေးရွာများထဲသို့ ကော့ကရိတ်မြို့ရှိ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ၁၂၀ မမနှင့် ပစ်ခတ်သည့် အတွက်အသက် (၆) နှစ်နှင့် အသက် (၉) အရွယ် ကလေးနှစ်ဦးအပါအဝင် ပြည်သူ ၅ ဦး ထိမှန်ပြီး လူနေအိမ် ၂ လုံး ထိခိုက် ပျက်ဆီးသွားသည်။