Home သတင်း ဘုတ်ပြင်းတွင် ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ကဝင်တိုက် ပျူခေါင်းဆောင် သေဆုံးသွား

ဘုတ်ပြင်းတွင် ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ကဝင်တိုက် ပျူခေါင်းဆောင် သေဆုံးသွား

387
Photo: Social Media

ဧပြီ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို ဧပြီ ၁၇ ရက်နေ့တွင် ဒေသအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ခေါင်းဆောင် တစ်ဦး သေဆုံးသွားသည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)၏ တာဝန်ရှိသူ က ပြောသည်။

အဆိုပါ ပျူစောထီးစခန်းသည် ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုရွာ၌ တည်ရှိပြီး မြိတ်ခရိုင်ပြည်သူ့ ကာကွယ်ရေးပူး ပေါင်း စစ်ကြောင်း (၂)က ဧပြီ ၁၇ ရက်နေ့ နံနက် ၃ နာရီ ဝန်းကျင်အချိန်တွင် သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ကြောင်းတာဝန်ရှိသူက ယခုလို ပြောသည်။

“ဝင်ရောက်ပစ်ခတ်တဲ့အချိန်မှာ ပျူစောထီးခေါင်းဆောင်တစ်ဦး သေဆုံးတယ်။ ကျန်တဲ့ပျူစောထီးတွေကတော့ လက်နက်ချပြီး ထွက်ပြေးကုန်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် ပျူစောထီးခေါင်းဆောင်သည် တောင်ငယ်ရွာမှ အသက်(၅၀) ဝန်းကျင် အရွယ်ရှိ ဦးဌေးဝင်းဆိုသူဖြစ်ကာ ရွှေဂဲညိုရွာအတွင်း လာရောက်စခန်းချ ထားသောကြောင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း ၄၀ မမ အပါအဝင် သေနတ် ၁၁ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယခုလို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး တပ်ဖွဲ့ဝင်များ ရွှေဂဲညိုရွာစခန်းသို့ အင်အား ၈၀ ခန့် ထပ်မံဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့အပြင် ဘုတ်ပြင်းမြို့နယ်ရှိ ပြည်ထောင်စု ကားလမ်းမပေါ်ရှိ ခဲချောင်းကျေးရွာတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့် ဒေသအခြေစိုက်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သုံးလအတွင်း နှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွား နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။