ဧပြီ ၁၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၄၊ ဘိတ်-ထားဝယ် ခရိုင်တွင် ဒရုန်းကျွမ်းကျင်ပညာရှင် တရုတ်လူမျိုး ၅ ဦး စစ်ကောင်စီကို ကူညီရန် ရောက်ရှိနေသည်ဟု ခရိုင်တာဝန်ရှိသူက ပြောသည်။
အဆိုပါ ခရိုင်အတွင်း ယခင်က စစ်ကောင်စီအနေဖြင့် ဒရုန်းတိုက်ခိုက်မှု နည်းပါးခဲ့သော်လည်း လက်ရှိ ဒရုန်း အသုံး ပြုတိုက်ခိုက်မှု တိုးလုပ်လာသည်ဟု သိရသည်။ ထို့အပြင် ကေအဲန်ယူ၊ တပ်မဟာ-၄ ထိန်းချုပ်နယ်မြေအတွင်းရှိ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းတစ်ခု ဖြစ်သည့် မောတောင်လမ်းမကြီးကို ထိန်းချုပ်ရန် ယခုရက်ပိုင်း အတွင်း ဒရုန်းအသုံးပြုတိုက်ခိုက်မှု တိုးလာသည်ဟု ခရိုင်တာဝန်ရှိသူက ပြောသည်။
အဆိုပါ ဒရုန်းကျွမ်းကျင် တရုတ် လူမျိုး ၅ ဦးသည် စစ်ကောင်စီ ရှေ့တန်းစခန်း ခြေမြန်တပ်ရင်း-ခမရ(၅၇၁) တပ်စခန်းထဲသို့ ဧပြီ ၉ ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဘိတ်-ထားဝယ် ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အဆိုပါ ဒရုန်းကျွမ်းကျင် ပညာရှင်များသည် ဒရုန်းနှင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ပြီး တော်လှန်ရေး ပူးပေါင်းတပ် ရှိသည့် နေရာများကို ကင်းထောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေသည်ဟု ပဒိုစောအယ်တာက ပြောသည်။
၎င်းက “စစ်ကောင်စီ တပ်ဘက်က အရင်တုန်းကနဲ့ နှိုင်းယှဉ်ရင် သူတို့ ဒရုန်းတော်တော် သုံးလာတယ်။ အရင်တုန်းက စစ်ကောင်စီက သူတို့ ဒရုန်းကျွမ်းကျင်အဲလောက်မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ ပြန်လေ့လိုက်တော့ မြေပြင် ပို့လာတဲ့ သတင်းအရ ၉ ရက်နေ့က တရုတ် ၅ ဦးရောက်လာတဲ့ အဲဒီစခန်းကနေ ဒရုန်းနဲ့ ကင်းထောက်ပြီး ပစ်တာ တွေလုပ်ဆောင်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် မောတောင်နယ်စပ်သို့တက်ရန် သီခိုကျေးရွာသို့ ရောက်ရှိစဉ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း ၁၁ ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့၍ ရှေ့တိုး၍မရဖြစ်နေပြီး အဆိုပါ ကျေးရွာအနီး၌ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ရှေ့တိုး၍မရဘဲ သီခိုကျေးရွာ အနီးဝန်းကျင်တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲဝင်များသည် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ရှိသည့်နေရာများသို့ ဒရုန်းနှင့်ကင်းထောက်ကာ ဗုံးကြဲတိုက်ခိုက်သည့်အပြင် လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။
ဧပြီလ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားသည့် သီခိုကျေးရွာအနီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ၁၂ ဦး ထိခိုက်သေဆုံးသွားသည်ဟု ကေအဲန်ယူ တပ်မဟာ-၄ က ထုတ်ပြန် ထားသည်။
စစ်ကောင်စီက မြန်မာနိုင်ငံ ငလျင်ဘေးသင့်ကာလတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက် ရက် ၂၀ ကြာ အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင်ရှိ တိုင်းရင်းသားများ ထိန်းချုပ်သည့် နယ်မြေ များတွင် နေ့ညမပြတ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေသောကြောင့် လူကြီး၊ လူငယ်၊ ကလေး အများအပြား နေ့စဉ် ထိခိုက်သေဆုံးနေရကြောင်း သိရသည်။



















