ဧပြီ ၇ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်တွင် ငှက်ဖျား ရောဂါကြောင့် ပြီးခဲ့သည့် မတ်လအတွင်းက ကလေးတစ်ဦးနှင့် လူလတ်ပိုင်း အမျိုးသမီး တစ်ဦး သေဆုံးသွား သည်ဟု ဆိုင်ရာကျန်းမာရေး တာဝန်ရှိသူက ပြောသည်။
ငှက်ဖျားရောဂါဖြစ်ပွားပြီး ဦးနှောက်တွင်းသို့ ငှက်ဖျားပိုးဝင်၍ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် လသား အရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသတွင်းရှိ ကော်သူးလေကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနမှ ဝန်ထမ်းအမျိုးသမီးက ပြောသည်။
၎င်းက “ငှက်ဖျား ဖြစ်ပွားတာ တဖြည်းဖြည်းများလာတယ်။ အဲဒီ ငှက်ဖျားပိုးတွေက PF အမျိုးအစားရော၊ PVအမျိုးစား တွေရောဖြစ်တယ်။ ငှက်ဖျားဆေးတွေလည်း မလုံလောက်ဘူး။ ဆေးပို့တဲ့လမ်းကြောင်းတွေလည်း အခက်အခဲရှိတယ်။ လမ်းပွင့်ရင် ငှက်ဖျားဆေး ပို့လာပေးစေချင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ငှက်ဖျားအတွက် ဆေးနှင့် ဆေးဘက်သုံး ပစ္စည်းများရှိသော်လည်း အထောက်အပံ့အချို့ ရပ်ဆိုင်းလိုက် သည့်အတွက် ပိုဆောင်ရေးအခက်အခဲ တချို့ကြုံလာရသည်ဟု ကော်သူးလေကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန၊ တာဝန်ခံ ပဒိုစောဒိုင်းမွန်းခင်က ပြောသည်။
“ဘိတ်-ထားဝယ်ခရိုင်က နေရာလည်းကျယ်တယ်။ ပြီးတော့ တစ်နေရာနဲ့ တစ်နေရာသွားရတာဝေးတယ်။ လမ်းခရီး တွေလည်း ခက်ခဲတယ်။ ဆေးဝါးတွေက ရောက်ပေမယ့်လည်း ဝန်ဆောင်မှုပေးဖို့အတွက် သွားလာဖို့က စရိတ် တွေက မရှိဘူး။ ပြောရမယ်ဆိုရင် ဝန်ဆောင်မှုက အကူအညီရှိတုန်းကလို ထိရောက်မှုမရှိဘူး။ ဆေးရောက်တာ နောက်ကျရင် ငှက်ဖျားပိုးက များသထက်များလာတယ်၊ အဲလိုတွေတော့ရှိတယ်” ဟု ပဒိုစောဒိုင်းမွန်းခင်က ပြောသည်။
ငှက်ဖျားဆေးဝါးများနှင့် ရောဂါစစ်သည့် ဆေးကိရိယာများကို ၃ လ တစ်ကြိမ် ပို့ဆောင်ပေးခဲ့သလို မိုးရာသီအ တွက် ၆ လတစ်ကြိမ် ပို့ဆောင်ပေးမှုများ လုပ်ဆောင်နေသည်ဟု KDHW ထံမှ သိရသည်။
ထို့အပြင် ကော်သူးလေကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန ပြုစုထားသည့် စာရင်းအရ ဘိတ်-ထားဝယ်ခရိုင် ထဲတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မတ်လအထိ လူ ၁,၉၆၇ ဦးကို ငှက်ဖျားပိုးစစ်ခဲ့ပြီး ငှက်ဖျားပိုးတွေ့ရှိသူ ၅၃၇ ဦး ရှိခဲ့သည်။ ထိုအထဲမှ PV(Plasmodium vivax) အမျိုးအစား ၄၈၇ ဦး နှင့် PFအမျိုးအစား ၅၃ ဦး တို့ဖြစ် ကြောင်း သိရသည်။
ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်အပြင် အခြားခရိုင်တွင်လည်း အလားတူ ငှက်ဖျားဖြစ်ပွားမှုများလာကာ တောတောင်များထဲတွင် စစ်ရှောင်နေရသူများ ခြင်ထောင် မလုံလောက်ခြင်းနှင့် သောက်သုံးရေ အခက်အခဲ များကြောင့် ငှက်ဖျား ဖြစ်ပွားမှုများလာကြောင်း သိရသည်။
ငှက်ဖျား တိုက်ဖျက်ရေး အတွက်ရည်ရွယ်ပြီး USAID ပံ့ပိုးကူညီမှုဖြင့် ဘိတ်ထားဝယ်ခရိုင်အပါအဝင် ကေအဲန်ယူ ထိန်းချုပ်သည့် နယ်မြေများတွင် ယခင်က အမေရိကန် ဒုက္ခသည်များဆိုင်ရာ ကော်မတီ- American Refugee Committee (ARC)နှင့် အခြား NGOs အဖွဲ့များမှ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းနှင့် ပညာပေးလုပ်ငန်း များ လုပ်ဆောင်ခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင် ထောက်ပံ့ကူညီမှုအလွန်နည်းပါးလာကြောင်း သိရသည်။