ဧပြီလ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် သေဆုံးမှုများ မြင့်တက်လာနေပြီး မိုင်းအန္တရာယ် အသိပညာပေး လှုပ်ရှာမှုများ ပိုမိုလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ပြောဆိုလိုက်သည်။
ယနေ့ ဧပြီလ (၄) ရက်နေ့တွင် ဖားအံခရိုင်ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်- KNDO ဗဟိုဌာနချုပ်တွင် ကျင်းပသည့် ‘အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသိပညာပေးရေးနေ့’ (International Mine Awareness Day) အခမ်းအနားတွင် မိုင်းပညာပေး စီမံချက်အတွင်း ပါဝင်သည့် ကော်သူးလေအခြေစိုက် အဖွဲ့အစည်း (၁၃) ဖွဲ့က အရပ်ဖက်လူမှုအဖွဲ့များ၊ ရပ်ရွာအခြေပြုအဖွဲ့များ၊ တာဝန်ရှိ အာဏာပိုင်များ အလေးထား ပူးပေါင်းပါဝင်ကြစေရန် တိုက်တွန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် ပြည်သူများ နေ့စဉ်ဆိုသလို သေဆုံးမှုများ မြင့်တက်လာနေပြီး မိုင်းအန္တရာယ် အသိပညာပေး ပိုမိုလုပ်ဆောင်မှု လိုအပ်လာသလို တစ်ဖက်တွင်လည်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများအား ပံ့ပိုးကူညီရန် အရေးကြီးကြောင်း မိုင်းအန္တရာယ်ပညာပေးရေး စီမံချက်မှ အဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။
“ ဒီစစ်ပဋိပက္ခတွေ ဆက်ရှိနေချိန်မှာ မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ပစ္စည်းတွေ ခြိမ်းခြောက်မှု အနေနဲ့ ပြည်သူအတွက်ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒီပညာပေးလုပ်ငန်းတွေမှာ လုပ်ပေးနေကြတဲ့ အဖွဲ့တွေရှိ ပေမယ့် လုံလောက်မှု မရှိသေးဘူး။ ဒါကြောင့် ဒါကို ကိုယ့်ရဲ့ တာဝန်တစ်ရပ်လို ခံယူပြီး အားလုံးပါဝင်ပြီး ပညာပေးလုပ်ငန်းတွေ ထိခိုက်ဒဏ်ရာရသူ ပံ့ပိုးကူညီလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်း ဒဏ်ခံရသည့် ထိပ်ဆုံးမှ ပါဝင်ကြောင်းနှင့် မြို့ပေါ်အပါအဝင် ကျေးလက်နေ ပြည်သူများမှာ ၎င်းနှင့်ပတ်သက်၍ အသိပညာပေးမှုများသိရှိမှု အားနည်း သောကြောင့် သေဆုံးမှုများ ဆက်တိုက် မြင့်တက်လာနေကြောင်း အဆိုပါ ပညာပေးအဖွဲ့ဝင်က ဖြည့်စွက်ပြောသည်။
ယနေ့ ပြုလုပ်သည့် အခမ်းအနားသို့ KNDO ၏ စစ်ဦးစီးချုပ်ကြီး ဗိုလ်မှူးချုပ် စောရှီးလေနှင့် တပ်ဖက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဆေးသင်တန်းတပ်ဖွဲ့ဝင်များ၊ ကျောင်းသားလူငယ်များနှင့် ကရင်လူထုများ စုစုပေါင်း ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပြီး ကရင့်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ ဂုဏ်ပြုသီဆိုခြင်းနှင့် မိုင်း ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် တပ်သားများအား ဂုဏ်ပြုသည့်အစီအစဥ်များဖြင့် ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပါဝင်တက်ရောက်သူ လူငယ်တစ်ဦးက “ ဒီလိုပွဲလုပ်တာ အများပြည်သူအတွက် အရမ်းကိုကောင်းတယ်။ တချို့ကျတော့ မိုင်းအန္တရာယ်လုပ်က ဘယ်လောက် အန္တရာယ်ရှိလဲဆိုတာ မသိကြဘူး။ နောက်ပြီး ရဲဘော်တွေပဲ သိမယ် ကိုယ်တွေကျတော့ သေချာမသိဘူး။ အဲ့တာကြောင့်မို့ ဒီအခမ်းအနားမှာ အသိပညာတွေ အများကြီးရလိုက်တယ်။ စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ် ခန္ဓာပိုင်းဆိုင်ရာဖြစ် ထိခိုက်နိုင်တယ်ဆိုတာ သိလိုက်ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနေ့ကို ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကုလ သမဂ္ဂအထွေထွေညီလာခံက ကြေငြာခဲ့ပြီး မိုင်းတွင်းလှုပ်ရှားမှုများ၊ မြေမြှုပ်မိုင်းအန္တရာယ်များနှင့် ၎င်းတို့ ပပျောက်ရေးအတွက် မည်သို့လုပ်ဆောင်ရမည်ကို လူထုအာရုံစိုက်မှု ရှိလာစေရန် ရည်ရွယ်ချက်ဖြင့်၂၀၀၆ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ဆောင်ပုဒ် “ Safe Futures, Start Here” ဖြင့် ကျင်းပသည့် ယနေ့ အခမ်းအနားကို ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီ- CIDKP၊ ကရင်လူ့အခွင့်အရေးအဖွဲ့( KHRG)၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်(KESAN)၊ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)၊ ကရင်အမျိုး သမီး အစည်းအရုံး(KWO) နှင့် ကရင်လူငယ်အစည်းအရုံး (KYO) အပါအဝင် မိုင်းပညာပေး စီမံချက်အတွင်း ပါဝင်သည့် စုစုပေါင်း အဖွဲ့ (၁၃) ဖွဲ့တို့က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။