ဧပြီ ၁၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ဂျိုင်းမြစ်တစ်ဘက်ကမ်း ကမ်းနီရွာနှင့် သရက်တောရွာသို့ ယနေ့ နှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇) နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သရက်တောရွာသား သုံးဘီး မောင်းသူ တစ်ဦးနှင့် ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
ယခုလို ဗုံးကြဲခံရ၍ သေဆုံးသွားသူသည် အသက် ၅၀ နှစ်အရွယ် ဦးရှဲ ဆိုသူဖြစ်ပြီး သူသည်ရွာအတွင်း သုံးဘီး ဆိုင်ကယ်မောင်းသူတစ်ဦး ဖြစ်ကြောင်း ကျန်ကလေးနှစ်ဦးမှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သရက်တော ရွာသား တစ်ဦးက ယခုလို ပြောသည်။
“ရွာမှာနှစ်ဆန်းတစ်ရက်ဆိုတော့ ဘုန်းကြီးကျောင်းသွားဖို့ လုပ်နေကြတာ။ အဲတာ ၈ နာရီ လောက်မှာ အလုံးကြီး ၂ လုံးကျတာ ကြားတယ်။ သုံးဘီးဆရာ ဦးရှဲ ထိတယ် အသက် ၅၀ ကျာ်ပေါ့ ဆုံးသွားတယ်။ ခလေး ၂ယောက်က အစ တွေမှန်တယ်။ ကမ်းနီကို ထပ်ပြီးကြဲတယ်။ ထိခိုက်တာတွေ ရှိတယ်၊ ရွာထဲရောရွာပြင်ရော ကျတယ်၊ ရွာသား တွေ တော့ဘုန်းကြီး ကျောင်းအောက်၊ ဓမ္မာရုံအောက်တွေမှာ နေနေကြတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် လက်ရှိ နေ့လည် ၁၂ နာရီ အချိန်ထိ ကျုံဒိုးမြို့ ခမရ- ၅၄၆ တပ်ရင်းအနီး နောင်တမံကျေးရွာသို့ စစ်ကောင်စီက လေကြောင်းမှ လာရောက်ဗုံးကြဲ တိုက်ခိုက်နေသည်ဟု မြေပြင်ရှိ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
လက်ရှိ ကျုံဒိုးမြို့ ဘက်ခြမ်း၌ ဖားအံမှ စစ်ကူရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ဖြင့် ဂျိုင်းမြစ်ကူးတံတားသစ် နေရာနှင့် ကျားကလေး၊ ဇာသပြင်လမ်းဆုံနေရာသို့ ရောက်ရှိနေသလို ဂျိုင်းမြစ်ဝတွင် စစ်ကောင်စီ စစ်သင်္ဘောများက ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်ရန် အသင့်အနေအထားဖြင့် ရောက် ရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၄ ရက်မှ ယခု ၁၇ ရက်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မဟာ မိတ်ပူး ပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ကျုံဒိုး၊ ကိုးတိုင်၊ ရင်ကွဲတောင်လမ်းပိုင်းတစ်လျှောက် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ သို့သော် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဂျိုင်းမြစ်အနောက်ကမ်းကျေးရွာများကို စစ်ကောင်စီက Y12 ဗုံးကြဲ လေယာဉ်ဖြင့် နေ့စဉ် ဗုံးကြဲ နေသည်ဟု ဒေသခံများထံမှ သိရသည်။



















