Home သတင်း တနင်္သာရီတိုင်းတွင် တလအတွင်း ဒေသခံ ၇၀,၀၀၀ နီးပါး စစ်ရှောင်ခဲ့ရ၊ အရေးပေါ်အကူအညီများလိုအပ်

တနင်္သာရီတိုင်းတွင် တလအတွင်း ဒေသခံ ၇၀,၀၀၀ နီးပါး စစ်ရှောင်ခဲ့ရ၊ အရေးပေါ်အကူအညီများလိုအပ်

422
Photo: FE5 Thanintharyi

ဧပြီလ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့တွင် ပြီးခဲ့သည့် မတ်လအတွင်း ဖြစ်ပွား လျက်ရှိ သည့် စစ်ရေးပဋိပက္ခကြောင့် ဒေသခံ (၆၆,၈၀၀)ဦးကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ဒေသတွင်းသုတေသန အဖွဲ့ဖြစ်သည့် FE5 Tanintharyi က ယမန်နေ့ ( ဧပြီလ ၂၃) ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီတပ်က ကုန်သွယ်ရေးလမ်းမကြီးများနှင့် ရေနက်ဆိပ်ကမ်းဧရိ ယာများသို့ ဆက်တိုက်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် လေကြောင်း၊ ရေ ကြောင်းမှ တဆင့် တိုက်ခိုက်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှု ပိုများခဲ့ရခြင်းဖြစ်သည်ဟု FE5 Tanintharyi ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

FE5 Tanintharyi အဖွဲ့ အယ်ဒီတာကိုကျော်က “ လတ်တလောမှာ စစ်ဘေးရှောင်တွေက နေရာအနှံ့မှာ ပျံ့နေတယ်။ ဒီမှာက တခြားစစ်ဘေးရှောင်စခန်းတွေလို နေရာအတည်တကျ မရှိဘူး။ စစ်ကြောင်းဝင်လာပြီ ရွာကို ဗုံးကြဲပြီ တိုက်ပွဲဖြစ်ပြီဆိုရင် တောတောင် ဥယျာဥ်ခြံတွေထဲ ပြေးပုန်းပြီး အဲ့လိုပဲ နေကြရတယ်။ အရင်က တချို့ဆို တိုက်ပွဲငြိမ်သွားလို့ အခြေ အနေကောင်းရင် ပြန်ကြပေမယ့် အခုနောက်ပိုင်း တိုက်ပွဲတွေက လနဲ့ချီပြီး ဖြစ်တော့ ဒေသခံတွေက နေရပြန်နိုင်ဖို့ တော်တော် ခက်ခဲတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်ချက်များအပြင် ဆေးဝါးကူညီထောက်ပံ့မှုများ မရှိသည့်အတွက် အချို့သည် ငှက်ဖျား၊ ဝမ်းရောဂါ၊ အရေပြားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ နှင့် ရင်ဆိုင်နေရသည်။ ၎င်းအပြင် တိမ်းရှောင်ရက်ရှည်လာသည်နှင့်အမျှ တောတောင် အတွင်း နေထိုင်နေကြရသည့်အတွက် နေရာထိုင်ခင်း လိုအပ်ချက်များနှင့် ရာသီဥတုဒဏ်များကိုပါ ခံစားနေကြရသည်ဟုလည်း FE5 Tanintharyi အဖွဲ့ဝင် ကိုကျော်က ဖြည့်စွက်ပြောသည်။

Photo: FE5 Thanintharyi

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုများအပြင် ရေကြောင်း၊ လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ထားဝယ် ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များတွင် နေရပ်စွန့် ခွာခဲ့ရသူ အနည်းဆုံး ၂၇,၃၀၀ ကျော်ရှိခဲ့သည်။ အလားတူ မြိတ်ခရိုင်အတွင်းရှိ ပုလော၊ တနင်္သာရီ၊ မြိတ်နှင့် ကျွန်းစုမြို့နယ်များတွင်လည်း နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၃၉,၅၀၀ ကျော်ရှိခဲ့သည်ဟု FE5 Tanintharyi က ပြောသည်။

၎င်းစစ်ဘေးရှောင်များထဲတွင် လူဦးရေ ၃,၀၀၀ ဝန်းကျင်ခန့်သည် ပုလောစစ်ရှောင်စခန်းတွင် နေထိုင်ကြပြီး ကျန်သည့် စစ်ဘေးရှာင်များသည် နီးစပ်ရာ တောတောင်၊ ခြံ၊ ရွာနှင့် မြို့ပေါ် များသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီက ဆန်၊ ရိက္ခာနှင့် ဆေးဝါး သယ်ယူခွင့် ကန့်သတ်ခြင်းများ ပြုလုပ်နေသည့်အပြင် နေ့စဉ်ရက်နှင့်အမျှ ဝင်ရောက်စစ်ကြောင်းထိုးခြင်းများ၊ လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၁၈,၅၀၀ နီးပါး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း FE5 Taninthayi က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့တွင်လည်း ထားဝယ်အရှေ့တော၊ ထားဝယ်-ထီးခီးကားလမ်းပေါ်ရှိ ကျောက်မဲတောင်ရွာအနီးအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ ဒေသတွင်း၌ စစ်ရေးဆက်လက်တင်းမာနေဆဲ ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

Photo: FE5 Thanintharyi