Home တွေ့ဆုံမေးမြန်းခန်း စစ်ရှောင်ဦးရေတိုးပွားလာမှုနှင့် ကူညီထောက်ပံ့မှုအခြေအနေများအပေါ် CIDKP ဒုညွန်ကြားရေးမှူးစောခဲလေနှင့် ဆက်သွယ်မေးမြန်းချက်

စစ်ရှောင်ဦးရေတိုးပွားလာမှုနှင့် ကူညီထောက်ပံ့မှုအခြေအနေများအပေါ် CIDKP ဒုညွန်ကြားရေးမှူးစောခဲလေနှင့် ဆက်သွယ်မေးမြန်းချက်

306

“ကျနော်တို့ကူညီချင်ပေမဲ့ လာရောက်လှူဒါန်းတဲ့ ငွေကြေးကများမလာတဲ့အတွက် ဘယ်နေရာက အဖြစ်များဆုံး အခက်ခဲဆုံးလဲ၊ အဲ့လိုနေရာကိုပဲ ကြည့်ပြီးလုပ်ရတယ်။ ပုံမှန်ရနေကြလူတွေတော့ အနည်းငယ်၊ နည်းသွားတာမျိုးရှိမယ်။ အဲ့လိုပုံစံမျိုးတော့ဖြစ်သွားတယ်” စောခဲလေ – ဒုညွန်ကြားရေးမှူး / CIDKP

စစ်ရှောင်ဦးရေတိုးပွားလာမှုနှင့် ကူညီထောက်ပံ့မှုအခြေအနေများအပေါ် CIDKP ဒုညွန်ကြားရေးမှူးစောခဲလေနှင့် ဆက်သွယ်မေးမြန်းချက်

ဧပြီ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

KNU – ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ကော်သူးလေနယ်မြေများဖြစ်သည့် တောင်ငူ၊ ဘိတ်၊ ထားဝယ်နှင့် ဖားအံခရိုင်တို့တွင် ပြီးခဲ့သည့်မတ်လအတွင်း စစ်ဘေးကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ (IDP) ဦးရေ ၃ ထောင်နီးပါးတိုးလာကြောင်း ကရင့်ပြည်တွင်းနေရပ်စွန့်ခွာသူများရေးရာကော်မတီ-CIDKP ကထုတ်ပြန်သည်။

ကရင့်လက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုအပြင် လက်ရှိတွင်လည်း KNU ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုတို့ကို ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်တို့က ပြောသည်။

KNU- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်ဦးရေတိုးပွားလာမှုနှင့် ကူညီထောက်ပံ့မှု အခြေအနေများအပေါ် ကရင့်ပြည်တွင်းနေရပ်စွန့်ခွာသူများရေးရာကော်မတီ-CIDKP ၏ ဒုညွန်ကြားရေးမှူး စောခဲလေကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပြီးခဲ့တဲ့မတ်လအထိ KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ရှောင်ဦးရေ တိုးလာတယ်လို့ သိရတယ်။ ဒီအခြေအနေကို ပြောပြပေးပါဦး။
ဖြေ။ ။ ပြီးခဲ့တဲ့မတ်လအတွင်း စစ်ရှောင်ဦးရေတိုးလာတယ်။ တောင်ငူ တပ်မဟာ၂ နဲ့ ထားဝယ် တပ်မဟာ ၄ မှာ ပေါ့နော်။ ပြောရမယ်ဆိုရင် တပ်မဟာ၂ တောင်ငူမှာ လိပ်သိုဘက်မှာ စစ်ကောင်စီက နေအိမ်တွေကို မီးသွားရှို့လို့ ထွက်ပြေးတိမ်းရှောင်ရတာ။ တိုက်ပွဲတွေတော့ မရှိဘူး။ အဲ့ဒါမို့ စစ်ရှောင်ထွက်ပြေး တိမ်းရှောင်ရတယ်။

စစ်ကောင်စီက အဲ့လိုရှို့ပြီးအပြန်မှာ KNLA က သူတို့ကိုပြန်လုပ်တယ်။ အဲအချိန်မှာ သူတို့ကဒေါသတွေ ပုံထပြီး ကျောက်တိုင်တွေကို မီးလိုက်ရှို့တယ်။ အဲ့ဒါကြောင့် ဒီဧပြီလအတွင်းမှာလည်း များလာနိုင်ခြေရှိတယ်။ တပ်မဟာ ၄ ထားဝယ်ဘက်မှာတော့ ဟိုဘက်က ထွက်ပြေးတိမ်းရှောင်တာများတော့ သူတို့ဘက်မှာလည်း များလာတာပဲ ဖြစ်တယ်။

မေး။ ။ ဖာပွန်၊ ကော့ကရိတ်တို့လိုမျိုး ကျန်တဲ့ခရိုင်တွေဘက်မှာက စစ်ရှောင်ဦးရေ အပြောင်းအလဲမရှိဘူးလို့ CIDKP စာရင်းမှာဖော်ပြထားပါတယ်။ တနည်းအားဖြင့် နေရပ်ပြန်နေထိုင်တဲ့ စစ်ရှောင်မရှိဘူးလို့ နားလည်ရ ပါတယ်။ ဒါက ဘာကြောင့်ပါလဲ။
ဖြေ။ ။ ကောကရိတ်နဲ့ ဖာပွန်ဘက်မှာတော့ စာရင်းအရ မများလာဘူး။ ဒါပေမဲ့ အဲ့လိုတော့မဟုတ်ဘူး။ ကောကရိတ်ဘက်မှာတော့ စစ်ရှောင်တွေများလာတယ်။ ကျနော်တို့ရဲ့ဝန်ထမ်းတွေက စာရင်းသွားကောက်ဖို့ အချိန်မရတာနဲ့ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတဲ့အပေါ်မှာ သွားကြည့်တာလောက်ပဲ ရှိသေးတယ်။ စာရင်းကောက်တာတော့ မရှိသေးဘူး။ မတ်လမှာတော့ မများလာဘူး။ ဧပြီလမှာတော့ လူဦးရေများလာတယ်။

ဖာပွန်မှာတော့ သူများကျနော်တို့ကို နေရာယူပေးထားတာ တော်တော်များများရှိနေတဲ့အတွက် သူတို့စခန်း ရှိနေပေမဲ့ ဘာမှမလုပ်တတ်ဘူး။ KNU/KNLA ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့အတွက် စစ်ကောင်စီဘက်က ဘာမှ မလုပ်တဲ့အတွက်ကြောင့် IDP စစ်ရှောင်လူဦးရေ များလာတာမျိုးမရှိဘူး။

မေး။ ။ တောထဲတောင်ထဲမှာနေရတဲ့ စစ်ရှောင်တွေအတွက် ဒီလိုရာသီမှာ ကျန်းမာရေးဆိုင်ရာ ဘယ်လို အခက်အခဲတွေ ကြုံရလေ့ရှိပါလဲ။ ဒီအပေါ်မှာ CIDKP အနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ အကူအညီပေးနေပါလဲ။
ဖြေ။ ။ ခုချိန်မှာတော့ သူတို့တွေတော့ အခက်အခဲဖြစ်နေလိမ့်မယ်။ ဘာလို့ဆို တချို့နေရာတွေမှာ မိုးကြီးတာ တွေရှိတယ်။ မိုးရွာတဲ့အတွက် နေရာထိုင်ခင်းဖြစ်ဖြစ်၊ စားသောက်တာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်းနေရမှာ မဟုတ်ဘူးဆိုတာတော့ တွေးကြည့်တာနဲ့သိတယ်။ အဲ့ဒီအပေါ်မှာ CIDKP ဘက်ကတော့ မဖြစ်မနေလုပ်ပေး တာမျိုးတော့ရှိတယ်။ ဒါပေမဲ့ အချိန်ကြန့်ကြာမှုတွေရှိတယ်။ ဒီမိုးက မရွာသင့်တဲ့အချိန်မှာရွာတဲ့အတွက် ကျနော် တို့လည်း ကြိုပြင်ဆင်မှုမရှိဘူး။

ခေါင်မိုး မိုးလို့ရမဲ့မိုးကာတွေကို ကြိုမတွေးမိ မပြင်ဆင်မိတဲ့အတွက် အခက်အခဲတော့ ကြီးကြီးမားမား ဖြစ်သွား တယ်။ အစားအသောက်ပိုင်းမှာတော့ ကျနော်တို့တွေးထားတဲ့အတိုင်း ရေရှည်အတွက်ဖြစ်တဲ့အတွက် ဖြေးဖြေး ချင်းစီတော့ သွားနေတယ်။ ဒါပေမဲ့ ပြည်စုံပြီးလားလို့တော့ ပြောလို့မရဘူး။ လိုအပ်ချက်တွေကတော့ အများကြီး ရှိတဲ့အပေါ်မှာ တချို့သောအခက်အခဲတွေက ကြားဝင်လာတဲ့အတွက် စစ်ကြောင့်ဖြစ်ဖြစ် အဲ့လိုတွေရှိတော့ ပြည့်ပြည့်စုံစုံလုပ်ချင်ပေမဲ့ လုပ်လို့မရတာတော့ရှိတယ်။

မေး။ ။ CIDKP အနေနဲ့ စစ်ရှောင်တွေရဲ့ကျန်းမာရေးအပါအဝင် စားဝတ်နေရေးထောက်ပံ့မှုအပေါ်မှာ ထောက်ပံ့ နိုင်တာက နှစ်စဥ် IDP ၃ သိန်းလောက်ပဲ တတ်နိုင်သေးတယ်လို့ပြောဖူးပါတယ်။ အခုလို စစ်ရှောင်အရေအတွက် ထပ်ထပ်တိုးလာတဲ့အပေါ် အဖွဲ့ရပ်တည်ရေးရော ထောက်ပံ့ရေးအပိုင်းအတွက် ဘယ်လိုစဥ်းစားချက်ရှိပါလဲ။
ဖြေ။ ။ အရင်တုန်းကပြောဖြစ်တာက ကျနော်တို့ ဒီစစ်ရှောင်တွေအတွက် တစ်နှစ်ကို အယောက် ၃ သိန်း ပေါ့ နော်။ ဒါပေမဲ့ ဒီမတ်လမှာက လူဦးရေ ၂ ထောင်ကျော် ၃ ထောင်နီးပါး တိုးလာတဲ့အတွက် အဲ့ဒီအပေါ်မှာတော့ ကျနော်တို့လုပ်နေကြအတိုင်းပဲ လမ်းကြောင်းရှာပြီး လုပ်နိုင်သလောက်လုပ်မယ်။

ကျနော်တို့ကူညီချင်ပေမဲ့ လာရောက်လှူဒန်းတဲ့ ငွေကြေးကများမလာတဲ့အတွက် ဘယ်နေရာက အဖြစ်များဆုံး အခက်ခဲဆုံးလဲ၊ အဲ့လိုနေရာကိုပဲ ကြည့်ပြီးလုပ်ရတယ်။ ပုံမှန်ရနေကြလူတွေတော့ အနည်းငယ်၊ နည်းသွားတာမျိုး ရှိမယ်။ အဲ့လိုပုံစံမျိုးတော့ ဖြစ်သွားတယ်။ အဲလိုလုပ်သွားမယ်။

မေး။ ။ နောက်တခုက လုံခြုံရေးအပိုင်းပါ၊ CIDKP အနေနဲ့ KNU ထိန်းချုပ်နယ်မြေမှာ လုပ်ကိုင်ပေမယ့် စစ်ကောင်စီနဲ့ အခြားလက်နက်ကိုင်တွေ လှုပ်ရှားမှုရှိတဲ့နယ်မြေတွေမှာ အကူအညီပေးရတဲ့အခါ ဘယ်လိုစိန်ခေါ်မှု တွေကြုံရပါလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ လုံခြုံရေးအပိုင်းကိုကြည့်မယ်ဆိုရင်တော့ ဘယ်အရာတွေက အခက်အခဲ၊ စိန်ခေါ်မှုတွေ ဖြစ်နေလဲ၊ အဲဒါတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာတော့ အမြဲတမ်းတွေးပြီး ဖြေရှင်းရတယ်။ ကျနော်တို့ တခုခု မလုပ်ခင်မှာ ဒေသခံတွေကိုကာကွယ်ပေးမယ့် တာဝန်ရှိသူတွေ ခေါင်းဆောင်ပိုင်းနဲ့ အရင်ဆုံးပြောကြည့်ရမယ်။ သူတို့ပေးတဲ့လမ်းအတိုင်း ဘယ်လိုသွားရမယ်၊ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကိုကြည့်ပြီး ကျနော်တို့လုပ်ရမယ့် အတိုင်းလုပ်သွားရမယ်။

KNU ရဲ့ ထိန်းချုပ်ထားတဲ့နယ်မြေတွေက ပိုပြီးမှကျယ်ပြန်လာတာအပေါ် ကျနော်တို့ရဲ့ လုံခြုံရေးအတွက်တော့ ပိုခက်ခဲမယ်ဆိုတာတော့ မဟုတ်သေးဘူး။ ဒီစစ်ကောင်စီရဲ့စခန်းတွေနဲ့ တခြားသော လက်နက်ကိုင်အဖွဲ့တွေရဲ့ ဂိတ်တွေကို ဖြစ်သန်းသွားရတာဖြစ်တဲ့အတွက် သွားတဲ့ဝန်ထမ်းတွေဖြစ်ဖြစ် ကျနော်တို့ ဖြစ်ဖြစ် ကိုယ့်လုံခြုံရေး အတွက်နဲ့ ဘယ်လိုအခက်အခဲတွေ ရှိနိုင်မလဲဆိုတာတော့ ကြိုတွေးထားရမယ်။

မေး။ ။ နောက်တခုက သဘာဝဘေးအန္တရာယ်ပါ၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် ရေဘေး၊ အခုက မြေငလျင်ဘေးကြုံခဲ့ရ၊ ကြုံနေရတယ်။ ဒီထဲမှာ ကော်သူးလေကစစ်ရှောင်တွေလည်း အပါအဝင်ပေါ့နော်။ ဒီလိုအခြေအနေမျိုးမှာ စစ်ရှောင်ဘက်ကို အကူအညီပေးနေမှုကတပိုင်း သဘာဝဘေးသင့်လူထုအတွက်ကတပိုင်း ဘယ်လိုမျှတအောင် လုပ်ဆောင်ရတာမျိုးရှိပါလဲ၊ နိုင်ငံတကာကရော သဘာဝဘေးအတွက် အကူအညီပေးတာရှိပါလား။
ဖြေ။ ။ သဘာဝဘေးကြောင့်ဖြစ်လာတဲ့ အခက်အခဲတွေအပေါ်မှာတော့ ကျနော်တို့ကြည့်ရမယ့် စစ်ရှောင် လူဦးရေများတဲ့အတွက်ကြောင့် ငလျင်လှုပ်တဲ့သဘာဝဘေးအပေါ်မှာ ကျနော်တို့ကြည့်ရမဲ့လူ များလာတာပေါ့။ တပ်မဟာ၂ တောင်ငူဘက်မှာတော့ ပိုအဖြစ်များတယ်။ အဲ့ဒီမှာ ကျနော်တို့ရဲ့ လက်ရှိနောက်ဆုံးစာရင်းအရ အိမ်ခြေ ၅၀၀ က ထိခိုက်မှုတွေရှိတယ်။ တောင်ငူ၊ သံတောင်၊ ထန်းတပင်နေရာတွေမှာ ပိုအဖြစ်များတယ်။

အဲ့ဒီအပေါ်မှာ အခြားသောပြင်ပက ငွေကြေးလှူတန်းမှုတွေကများတယ်။ အဲ့လို သဘာဝဘေးငလျင်ပေါ်မှာ လှူတန်းလိုချင်တဲ့ အလှူရှင်တွေကတော့များတယ်။ ဒီလက်ရှိဖြစ်နေတဲ့အခက်အခဲနဲ့ ပြန်လည်ထူထောင်ဖို့ အတွက်ကိုတော့ အလှူငွေထူးထူးခြားခြားလာတယ်။ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်တဲ့သူတွေအနေနဲ့ ကျတော်တို့ ပုံမှန်အတိုင်းပဲထောက်ပံ့ပေးမှုရှိတယ်။ ကျနော်တို့ရဲ့ CIDKP ဝန်ထမ်းတွေအတွက်တော့ လုပ်ငန်း၂ ခု ၃ ခု ပိုဖြစ်သွားတာပေါ့။

မေး။ ။ အခုနိုင်ငံတကာအအလှူတွေက ငလျင်ဘက်ကိုပဲဦးတည်တာရှိတယ်ပေါ့နော်။ ဆိုတော့ မြေငလျင် ကြောင့် စစ်ရှောင်တွေအတွက် အကူညီရရှိဖို့ လျှော့နည်းသွားနိုင်ဖို့ရှိပါလား။
ဖြေ။ ။ ဒီသဘာဝဘေးအန္တရာယ်ဖြစ်တဲ့ငလျင်ကြောင့် ဒီစစ်ရှောင်လူတွေအတွက်တော့ နိုင်ငံတကာ အလှူငွေက နည်းသွားတာမျိုးမရှိဘူး။ ပုံမှန်ပဲ။ ဒါပေမဲ့ ဒီသဘာဝဘေးငလျင်အတွက်တော့ သီးသန့်ပါပဲ။ လာပတ်သက်သွားတာမျိုးတော့ မရှိဘူး။ ဒါကြောင့် ဒီစစ်ရှောင်တွေအတွက် နည်းသွားတာမျိုး မရှိဘူး။

မေး။ ။ ပြီးတော့ KNU နယ်မြေထဲကစစ်ရှောင်တွေ အဓိက အကူအညီရတာက CIDKP တို့ပဲရှိတယ်။ USAID ကလည်း ရပ်လိုက်တော့ ပြည်တွင်းစစ်ရှောင်အကူရရှိဖို့က ဘယ်လောက်ရာခိုင်နှုန်းအထိ လျော့သွားနိုင်လဲ။
ဖြေ။ ။ CIDKP ရဲ့ လုပ်ငန်းစဉ်ကတော့ စစ်ရှောင်ဘက်ကိုဦးတည်ပြီး လှူဒါန်းတာများတယ်။ အဲ့ဒီအပေါ်မှာ USAID ဘက်က ထောက်ပံ့ငွေလျော့နည်းသွားတယ်။ ဘယ်လောက်လဲဆိုရင် ယူအက်စ်ဒေါ်လာငွေ ၁ သန်းပေါ့ နော်။ ကျနော်တို့ကိုပေးရမဲ့ဟာကို မပေးတော့တာ။ နိုင်ငံတကာဘက်နဲ့တော့ စာချုပ်ချုပ်ပြီးပြီ၊ ဒေါ်လာငွေ ၁ သန်း တော့ထိခိုက်သွားတယ်။ ပုံမှန် နှစ်စဉ်နှစ်တိုင်းလာရမဲ့ဟာက ခုတော့ရောက်မလာတော့ဘူး။

USAID ထောက်ပံ့မှုရပ်လိုက်တဲ့အပေါ် ကျနော်တို့ စစ်ရှောင်တွေအတွက်တော့ ၃၀/၃၀ ဝန်းကျင်မှာ ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ကျနော်တို့လုပ်ငန်းအနည်းငယ် လျှော့ချလိုက်မှာက အစားအစာတွေတော့ တခုတည်းတော့ မဟုတ်ဘူး။ ဒီလုံခြုံရေးအပိုင်းနဲ့ အဆက်အသွယ်ပိုင်းရော၊ ကျန်းမာရေးအပိုင်းရော အကုန်ပါသွားတယ်။ ဒီလို ဖြစ်သွားရတဲ့အပေါ် စစ်ရှောင်တွေအတွက်တော့ လျော့နည်းသွားတဲ့အပိုင်း ဖြစ်သွားတယ်။

မေး။ ။ နောက်ပြီး အခုနိုင်ငံတကာမြေငလျင်အတွက် လူသားချင်းစာနာထောက်ထားမှုကူညီတာတွေက စစ်ကောင်စီကပဲ သွားရတော့ KNU တပ်မဟာ၂ နဲ့ ၃ က မြေငလျင်ဒဏ်ခံပြည်သူတွေဆီ အကူအညီရောက်နိုင်လား။
ဖြေ။ ။ စစ်ကောင်စီဆီကပဲ သွားရတော့မဲ့ ကူညီထောက်ပံ့မှုဆိုရင် ဒီငလျင်ပြည်သူတွေအတွက်တော့ အကြီးမားဆုံး အခက်အခဲဖြစ်သွားတယ်။ ဒါပေမဲ့ CIDKP ဘက်က တပ်မဟာ၂ ကို သွားရောက်ကူညီမဲ့ အစီအစဉ် ကတော့ မထိခိုက်ဘူးလို့ပြောလို့ရတယ်။ ကျနော်တို့က KNU က ချမှတ်တဲ့လမ်းစဉ်အတိုင်း သွားတယ်။ ဒီစစ်ရှောင် တွေအတွက် သွားရောက်လှူဒါန်းဖို့အတွက် တာဝန်ရှိသူတွေ လုံခြုံရေးအပိုင်းရော ကိုယ်လုပ်မဲ့တခုစီတိုင်းကို သူတို့နဲ့ တိုင်ပင်ပြီးမှလုပ်တယ်။

ကျနော်တို့လုပ်ဆောင်မယ့် အရာတစ်ခုစီတိုင်းကို အစီအစဉ်ရေးဆွဲတယ်။ ဘယ်လိုအခက်အခဲ ကြုံလာနိုင်လဲ၊ ဘယ်လို ဖြေရှင်းမလဲဆိုတာကိုပါ ကြိုတင်စဉ်းစားပြီးမှလုပ်တဲ့အတွက် ဒီငလျင်ကြောင့် ထိခိုက်သွားတဲ့အပေါ် သွားကူညီမှုကိုတော့ အဲ့လောက်ထိ မထိခိုက်ဘူး။ ဒါပေမဲ့ ကျနော်တို့က သူတို့သုံးဖို့ ငွေပေးလိုက်ပြီဆိုတာတောင်မှ သွားဝယ်ဖို့ အခက်အခဲဖြစ်မယ်။

အဲ့ဒါကြောင့် ကျနော်တို့ဘက်ကနေ့ အဝတ်အစားတွေ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပြီးသယ်သွားတယ်ဆိုရင် တောင်မှ ဖြတ်ရမယ့် ဂိတ်တွေကရှိတဲ့အတွက် သိပ်ပြီးမှအဆင်မပြေတာတွေရှိမယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ပံ့ပိုးတဲ့ ငွေကြေးတွေ ထိရောက်ဖို့အတွက်ကိုတော့ သေသေချာချာလေး လုပ်ဆောင်ဖြစ်တယ်။ တချို့ကိုတော့ သွားလှူပြီး ပြီ။ နောက်ပိုင်းလည်း လှူတန်းရမယ့်သူတွေရှိတယ်။ ဒီငလျင်အတွက် လုပ်ဆောင်ရမယ့် ၂ ခေါက် ၃ ခေါက် လောက် ရှိအုံးမယ်ထင်တယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါဦး။
ဖြေ။ ။ သဘာဝဘေးဖြစ်တဲ့ငလျင်ကြောင့် မိုးကလည်းရွာတော့ တချို့ပုံတွေထဲကအတိုင်း သစ်ပင်အောက်တွေ မှာလိုက်နေရတာတွေရှိတယ်။ အဲ့လိုနေရာတွေမှာ အမိုးအကာ လုံလုံလောက်လောက်မရှိတဲ့အတွက် အခက်အခဲ ကတော့ အများကြီးရှိနိုင်တယ်။ မိုးရွာပြီဆိုတာနဲ့ နောက်ဆက်တွဲဖြစ်တဲ့ ခြင်တွေ၊ တခြားသောပိုးမွှားတွေကအစ ထွက်တာမျိုး ရှိတယ်။ အဲ့လိုပိုးမွှားတွေက ရောဂါတွေ သယ်ဆောင်လာတာမျိုးတွေရှိမယ်။ အဲ့ဒါကြောင့် ကျနော်တို့ ဘက်က ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမယ်။

ကျန်းမာရေးဌာနတွေနဲ့ တိုင်ပင်ပြီး ဒီအရာတွေကိုလုပ်သွားမယ်။ မထင်မှတ်ထားဘဲ ဖြစ်တဲ့အရာတွေဆိုတော့ ကျနော်တို့ဘက်ကတော့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်။ နောက်တခုက အရေးပေါ်ဖြစ်တဲ့ အရာတွေကို လုပ်ဆောင်သွားမယ်။ အဲ့လိုလုပ်ဆောင်တဲ့အတွက် နောက်ပိုင်း စစ်ရှောင်တွေအတွက်တော့ ထောက်ပံ့မှု လျော့သွားနိုင်တာမျိုးကိုတော့ မြင်တွေ့ရတယ်။ အဲ့လိုထောက်ပံ့မှု နည်းသွားမဲ့အပေါ်တော့ သေချာတော့ မသိရသေးဘူး။

ဒါပေမဲ့ အဲ့လိုနည်းသွားရင်တောင် ကျနော်တို့ကတော့ သူတို့ကိုယ်တိုင် ပြန်လည်ရပ်တည်နိုင်ဖို့ကိုတော့ အဓိကထား လုပ်ဆောင်သွားမယ်။ KNU ဘက်မှာရှိတဲ့ ကျနော်တို့ လက်လှမ်းမှီတဲ့နေရာ တိုက်ပွဲတွေကြောင့် များလာတဲ့ လူဦးရေအပေါ် အရေးပေါ်ဖြည့်ဆည်းပေးတာမျိုး မဟုတ်ဘဲ ပြန်လည်ရပ်တည်နိုင်ဖို့ကို ထောက်ပံ့တဲ့ တာဝန်ရှိသူတွေနဲ့ ပြန်လည်တိုင်ပင်ပြီးတော့ စိုက်ပျိုးရေးဖြစ်ဖြစ် တခုခုကို ငွေကြေးထောက်ပံ့တဲ့သူတွေနဲ့ရော ကျနော်တို့အနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့တော့ရှိပါတယ်။