Home သတင်း စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသူ စစ်ကောင်စီ တပ်သား ၆ ဦး ကေအဲန်ယူနှင့် လာရောက်ပူးပေါင်း

စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသူ စစ်ကောင်စီ တပ်သား ၆ ဦး ကေအဲန်ယူနှင့် လာရောက်ပူးပေါင်း

294

ဧပြီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဘိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ် (ပုလောမြို့နယ်)၊ ပလောက်မြို့ အခြေစိုက် စစ်ကောင်စီတပ်သား ၆ ဦး သည် ယမန်နေ့ ဧပြီလ ၃ ရက်နေ့တွင် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးနှင့် လာရောက်ပူးပေါင်းခဲ့ သည်ဟု သိရသည်။

အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းမှ ခြေလျင်တပ်ရင်း( ခလရ ၁၇) မှ တပ်သား ရဲဝင်းထွဋ်၊ တပ်သား အေအဲ၊ တပ်သား မြင့်လွင်၊ တပ်သားအောင်မြင့်လင်း၊ တပ်သား မိုးထက်နှင့် တပ်သား ရဲထက် အောင်တို့ သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၁ ထံ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

“သူတို့တွေက စစ်သားလုပ်ချင်တဲ့သူတွေ မဟုတ်ကြပါဘူး။ အချို့က လမ်းမှာသွားရင်းလာရင်း အတင်း အဓမ္မဖမ်းဆီးခံရတာ၊ အချို့ က ထိုင်းမှာ အလုပ်လုပ်ပြီး အဖမ်းခံရလို့ ပြန်ပို့ရတယ်။ အဲဒီကနေ စစ်သားအဖြစ် သွတ်သွင်းခံရပြီး သင်တန်းပေးတက်၊ ရှေ့တန်းကို ပို့ခံရတယ်။ အဲဒီကနေတစ်ဆင့် ထွက်ပြေး လာသူတွေဖြစ်ပါ တယ်”ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် စစ်သားသစ်အဖြစ် အတင်းဓမ္မ စစ်သားစုဆောင်းခံရသူများဖြစ်ပြီး စစ်မှုထမ်းဥပဒေ အပတ်စဉ် ၈ သင်တန်း ၃ လ ဆင်း ပြည်သူ့စစ်များဖြစ်ကြသည်ဟု သိရသည်။ ထို့အပြင် ၎င်းတို့အထဲမှအချို့မှာ ထိုင်းနိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်စဉ် အဖမ်းခံရပြီး ကော့သောင်းမြို့မှ တစ်ဆင့် ပြန်လည်ပို့ဆောင်ခံရပြီးနောက် စစ်သားသစ်အဖြစ် အတင်း အဓမ္မစုဆောင်းခံရသူများလည်း ပါဝင်သည်။

တဆက်တည်းတွင် ယနေ့ ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် တနင်္သာရီမြို့နယ် မုန်းတောင်လမ်းရှိ သိန်ခွန်းရွာထဲသို့ စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သေးသည်။