ဧပြီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက မတ်နှင့် ဧပြီလအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် ဒေသခံအရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာကျန်းမာရေးနှင့် စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင်ပေးနေသူများက ပြောသည်။
စစ်ကောင်စီက မတ်လနှင့် ယခုဧပြီလ အပစ်ရပ်ထားသည့် ကာလအတွင်း ကော့ကရိတ်မြို့နယ်၊ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု မြေပြင်ရှိ ကျန်းမာရေးနှင့် စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင်နေသူတစ်ဦးက ယခုလို ပြောသည်။
“စကစ လက်နက်ကြီးက နေ့တိုင်းပစ်နေတော့ ရွာသားတွေထိတယ်။ မတ် ၁၉ ကနေ ၂၇ ရက်အထိ တတန်ကူး၊ ပျားပင်၊ ရန်ကုတ်၊ နန်းရွှေမိတ် အဲ့ဒီရွာတွေက အဖိုးအဘွားတွေနဲ့ ခြံထဲနေတဲ့သူတွေ လက်နက်ကြီးအစ ၆ ယောက် ထိကျတယ်။ တစ်ယောက်က ခြေထောက်ဖြတ်ရတယ်၊ ပေါင်းရင် ၇ ယောက်ပေါ့။ ဧပြီ ၈ ရက်မှာ ပိုင်းအံကောင် ရွာ ဘက်ကို အလုံးကြီးကျတာမှာ ကလေး၊ လူကြီး ပေါင်း ၅ ယောက် ထိခိုက် ဒဏ်ရာရတယ်။ ရွာမှာ ဆေးကုပေး ထားတာပေါ့နော်” ဟု ၎င်းက ပြောသည်။
၎င်းအပြင် ဧပြီ ၉ ရက်နေ့က တရိတခေါင်းရွာဘက်သို့ စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက် ပေါက် ကွဲပြီး ဒေသခံ ၆ ဦးထိခိုက် ဒဏ်ရာရရှိထားကြောင်း ကနဦး သတင်းများရရှိထားသော်လည်း ဒေသတွင်း ကျန်းမာ ရေးအဖွဲ့များထံသို့ ဆက်သွယ်လာခြင်း မရှိသေးကြောင်း သိရသည်။
လက်ရှိတွင် ဒေသတွင်း တယ်လီဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်နေသည့် အတွက် လက်နက် ကြီးကြောင့် ဒေသခံများ ထိခိုက်မှု အခြေအနေများကို စာရင်းပြုစုရန် ခက်ခဲသည့် အခြေအနေများ ဖြစ်ပေါ်နေ သည်ဟု မြေပြင် ကျန်းမာရေးနှင့် စစ်ရှောင်များအရေး လုပ်ဆောင်နေသူက ဖြည့်စွက် ပြောသည်။
စစ်ကောင်စီအနေဖြင့် လက်ရှိအချိန်ထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်း တပ်များ စစ်ရေးလှုပ်ရှားလာနိုင်ဖွယ်ရှိသည့် ကျေးရွာများသို့ လက်နက်ကြီး တစ်ရက်လျှင် ၅ ကြိမ်မှ ၁၀ ကြိမ်ထိပစ်ခတ်နေသည်ဟု တော်လှန်ရေးစစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ထို့အပြင် KNLA နှင့် မဟာမိတ် တပ်များ ရှိသည့် ကျေးရွာများဘက်သို့ တစ်ရက်လျှင် အကြိမ် ၅၀ ထိ လက်နက် ကြီး ပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု တော်လှန်ရေး စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။
“ ဒီတန်ခူးလက စစ်ရေးမငြိမ်ဘူး။ သူတို့ အင်အားတိုးပို့တယ်၊ လက်နက်ကြီးက နေ့တိုင်း၊ နေတိုင်းပစ်တယ်။ ရွာဘက်မှာက တိုက်ပွဲ မဖြစ်ဘူး။ အလကားနေရင်း လက်နက်ကြီးပစ်ချနေတယ်။ လေယာဉ်လည်း ကင်းထောက်တယ်။ တချို့နေရာတွေဆို ၅ လုံး ၊ ၁၀လုံး ပစ်တယ်။ ရန်ကုတ်၊ ကောင်းမှု၊ အောက်ဘိုတဲ၊ နောင်ကိုင်း ဘက်ကိုဆို တစ်နေ့လုံး ပေါင်းရင် အလုံး ၅၀ လောက် ကျတယ်။ ကော့နွဲ တတန်ကူး ဘက်လည်းအတူတူပဲ ပစ်နေတာ လှိုင်ဝနဲ့ ၉၇ တပ်က” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ယာယီအပစ်ရပ် ကြေငြာထားသည့် ဧပြီ ၂ မှ ၁၀ ရက်ထိ ကော့ကရိတ်၊ ကျုံဒိုး၊ တောင်ကြာအင်း၊ အောက်ဘိုတဲ၊ အာရှလမ်းသစ် ဒေသအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက် ခြင်းမရှိသော်လည်း လက်နက်ကြီး၊ ဒရုန်းဖြင့် နေ့ရောညပါ ပစ်ခတ်တိုက်ခိုက်နေသည်ဟု စစ်ရေး သတင်းရင်းမြစ် များက ပြောသည်။