Home သတင်း စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သံဃာများအပါ တစ်ပတ်အတွင်းအရပ်သား ၂၀ ကျော်သေဆုံး၊ ၄၀ ဦး ဒဏ်ရာရ

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သံဃာများအပါ တစ်ပတ်အတွင်းအရပ်သား ၂၀ ကျော်သေဆုံး၊ ၄၀ ဦး ဒဏ်ရာရ

316
Photo: CJ

ဧပြီ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဧပြီ ၁၄ မှ ၂၁ ရက်ထိ တစ်ပတ်အတွင်း အရပ်သား ၂၀ ဦးကျော်သေဆုံးပြီး ၄၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု မြေပြင်စစ်ရှောင်အရေး ကူညီနေသူများက ပြောသည်။

အဆိုပါ ရက်သတ္တပတ်အတွင်း ဒူးသထူ (သထုံ)ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဖားအံခရိုင်တို့ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ ပေါင် ၅၀၀ ဗုံး၊ ပေါင် ၂၀၀ ဗုံးများကို စစ်ကောင်စီက Y12 ဗုံးကြဲ လေယာဉ်၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျုံဒိုးကမ်းနီဘုန်းကြီးကျောင်းဖြစ်စဉ်တို့ ဘီးလင်းမင်းစောရွာ ဘုန်းကြီးကျောင်း၊ ကော့ကရိတ်အင်းကြီး ဘုန်းကြီး ကျောင်းအဲ့လိုမျိုး ဘုန်းကြီးကျောင်းတွေ ကြဲချတာ ၈ ကျောင်းရှိတယ်။ စာသင်ကျောင်း ၃ ကျောင်းရှိတယ်။ ရွာ၂၀ ဝန်းကျင်ရှိတယ်။ တစ်ချို့ ရွာတွေဆို ၃ခေါက်လောက် ရှိပြီး ပြန်လာကြဲနေတာ။ လူကြီး၊ ကလေး၊ မိန်းမတွေနဲ့ ဘုန်းကြီး၊ ကိုရင်ရယ်ပေါင်းရင် ၂၀ ကျော်ရှိပြီး၊ ထိခိုက်တာက ၄၀ ဝန်းကျင် ရှိပြီ မနေ့ကအထိ” ဟု စစ်ရှောင်ကူညီ ရေး ကွန်ရက်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လတ်တလော ယနေ့ ဧပြီ ၂၂ ရက် နံနက်ပိုင်းမှာ ကော့ကရိတ် စကခ-၁၂ ဌာနချူပ် အနောက်ဘက်ရှိ ကမ္မရမ်း ရွာသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦး ဒဏ်ရာရရှိသွားသည်။ ထိုအပြင် ကျုံဒိုးကမ်းနီရွာ အစ္စလမ်ဗလီသို့ ဒရုန်းဗုံးကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Photo: CJ

စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က “ညက ၁၁ နာရီကျော်မှာ Y12 ကြဲတာရန်ကုတ်၊ အောက်ဘိုတဲ၊ တောင်ကြာအင်း၊ ကိုးတိုင်၊ လှိုင်ဝပြီးတော့ အာရှ လမ်းမြဝတီဘက် အခြမ်းအထိ ဗုံးကြဲသွားတယ်။ အထိအခိုက် သတင်းမရသေးဘူး။ အခုမနက် စကခ-၁၂ နောက် ဘက် ကမ္မရမ်းကျေးရွာကို ဗုံးကြဲတယ်။ စကခ-၁၂ ပတ်ချာ လည် ကိုကြဲပေးနေတာ။ လေယာဉ်က မော်လမြိုင်ကွင်းကနေ ဗုံးသီးဖြည့်လိုက် လာကြဲလိုက် လုပ်နေတာ”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ သော်လည်း တပ်ဖွဲ့ဝင်များ သေဆုံးခြင်း၊ ဘက်ပြောင်းခိုလှုံခြင်းနှင့် ထွက်ပြေးတိမ်ရှောင်သူများကြောင့်အင်အား ထက်ဝက်ကျော်ခန့် ပြုန်းတီးသွားသည်။

စစ်ကောင်စီက စွန့်လွှတ်ရသည့် တပ်စခန်းများ ပြန်ရရန် တပ်သားသစ် အင်အား ၁,၀၀၀ ခန့် ဖားအံ၊ ကျုံဒိုး၊ ကော့ကရိတ်ဒေသတွင်းတပ်ရင်းစခန်းများသို့ပို့ဆောင်ခဲ့ရာ KNLA မဟာမိတ်ပူးပေါင်းတပ်များက ကျုံဒိုး၊ နဘူး၊ တောင်ကြာအင်း၊ ကော့ကရိတ်၊ အာရှလမ်းနေရာများသို့ စစ်ကြောင်းများအလိုက် စစ်ကောင်စီတပ်များကို ဖြတ်တောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။