“မထင်မှတ်တဲ့အတိုင်းအတာလောက်အထိကို ထိခိုက်မှုတွေများတယ်။ အဲဒီထိခိုက်သွားတဲ့သူတွေထဲမှာဆိုရင် သူ့တပ်မိသားစုဝင်တွေလည်းပါတယ်လို့ သိရတယ်လေ။ ဒါကြောင့် သူ့အနေနဲ့ အရမ်းကိုအကျပ်အတည်းရှိလို့ ဒီလို အပစ်ရပ်တယ်ဆိုပြီးထုတ်တာ။ တကယ့်တကယ်မြေပြင်မှာတော့ တိုက်စရာရှိရင် သူကတိုက်မှာပဲ” ပဒိုစောကလယ်စေး / KNU ပြောခွင့်ရသူ
စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲသည့်အပေါ် KNU ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့် ဆက်သွယ်မေးမြန်းချက်။
ဧပြီ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ၇.၇ ရှိသည့် အင်အားပြင်းငလျင်ကြီးဖြစ်ပေါ်ခဲ့ပြီး လူပေါင်းထောင်နှင့်ချီ ထိခိုက်သေဆုံးဒဏ်ရာရရှိကာ အဆောက်အအုံ မြောက်မြားစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ထိခိုက်နစ်နာမှုများရင်ဆိုင်ကြုံတွေ့နေကြသည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများပြားသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်၊ ပဲခူးတိုင်းတို့တွင် အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။
တဖကတွင်လည်း စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ဧပြီ ၂ ရက်နေ့ ကနေ ဧပြီ ၂၂ ရက်နေ့အထိ ယာယီအပစ်ရပ် လိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။
ထိုသို့သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသည့်ကာလနှင့် ယာယီအပစ်ရပ်ရန် ကြေညာ ထုတ်ပြန်ပြီးချိန်အထိ စစ်ကောင်စီတပ်က တိုင်းရင်းသား လက်နက်ကိုင်အုပ်ချုပ်မှုဒေသတချို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက် ရှိနေသည်။
စစ်ကောင်စီတပ်နှင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် KNU – ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တချို့တွင်လည်း ငလျင်ဘေးဒဏ်သက်ရောက်မှုရှိခဲ့ပါသည်။ ယခုကဲ့သို့ ငလျင်ဘေးဒဏ်သင့်ကာလ အတွင်း KNU နယ်မြေအတွင်း စစ်ရေးဖြစ်ပေါ်မှုအခြေအနေနှင့် စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲသည့်အပေါ် KNU ၏ သဘောထားအပေါ် ပြောခွင့်ရသူပဒိုစောကလယ်စေးအား ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ငလျင်လှုပ်ခတ်မှုက KNU နယ်မြေတချို့လည်း ထိခိုက်ပျက်စီး၊ သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘယ်ဒေသမှာ ထိခိုက်မှုရှိနေတာပါလဲ။
ဖြေ။ ။ ကျနော်တို့ KNU နယ်မြေထဲမှာ ငလျင်ဒဏ်နဲ့ပတ်သက်ပြီး ထိခိုက်ပျက်ဆီးဆုံးရှုံးမှုတွေ အနည်းငယ် ရှိနေတယ်လို့ သိရတယ်။ အထူးသဖြင့် ညောင်လေးပင်ခရိုင်ဘက်မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ပြောလို့ရတယ်။
မေး။ ။ မတ်လ ၂၈ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်လှုပ်ခတ်မှုနောက်ပိုင်း KNU နယ်မြေထဲက နှစ်ဖက်စစ်ရေး အခြေအနေက ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ငလျင်ဒဏ်ဖြစ်နေပေမယ့် စစ်ကောင်စီဘက်က သူ့ရဲ့ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်လည်ရရှိဖို့ ရုန်းကန်လှုပ်ရှားမှုတွေရယ် နောက်တော့ နယ်မြေတွေပြန်လည်ရရှိဖို့ ထိုးစစ်ပုံစံပေါ့နော်၊ ထိုးစစ် ဆင်နေတဲ့ တိုက်ပွဲလိုမျိုးတော့ ရှိနေပါတယ်။ အဲဒါကတော့ နယ်မြေဒေသတော်တော်များများမှာ ဖြစ်ပေါ်နေတာပါ။
မေး။ ။ ဒီအင်အားပြင်းငလျင်ကြောင့် ထိခိုက်သေဆုံးမှုတွေ အများအပြားဖြစ်ပေါ်ခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်နေတဲ့ကာလမှာ NUG အပါအဝင် ညီနောင်မဟာမိတ်တို့လို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေက လပိုင်းအပစ်ရပ် ထုတ်ပြန်တာတွေရှိတယ်။ KNU အနေနဲ့ စစ်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိပါလဲ။
ဖြေ။ ။ NUG အနေနဲ့ကတော့ သူတို့ဆောင်ရွက်ရမယ့် လူထုကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ဖို့ လိုအပ်တဲ့ နေရာတွေအများကြီးရှိတယ်။ အထူးသဖြင့် ငလျင်ဒဏ်ကိုတိုက်ရိုက်ခံစားရတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးလို နေရာမျိုးမှာ သူတို့လုပ်ရမယ့်လုပ်ငန်းစဥ်တွေရှိတဲ့အပေါ်မှာ အပစ်ခတ်ရပ်စဲရေး လိုအပ်တယ်လို့ ယုံကြည်ယူဆပြီး ဒီလိုမျိုးအပစ်ခတ်ရပ်စဲရေး လုပ်တယ်လို့ ကျနော်တို့နားလည်ရတယ်။
ကျနော်တို့ KNU ဘက်ခြမ်းမှာတော့ ငလျင်ဒဏ်သင့်တဲ့ဒေသတွေက အင်မတန်မှနည်းပါတယ်။ ထိခိုက်ပျက်စီးမှုလည်းနည်းတဲ့အတွက် စစ်ရေးအခြေအနေက ဒီလိုပဲအပြောင်းအလဲမရှိဘူးလို့ နားလည်တယ်။ တဖက်မှာလည်း စစ်ကောင်စီရဲ့လှုပ်ရှားမှုကို ပြန်ကြည့်ခြင်းအားဖြင့် ထူးခြားမှုမရှိဘူး။ သူတို့ပုံမှန်အတိုင်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
မေး။ ။ အခုလို NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ယာယီထိုးစစ်ရပ်ဆိုင်းထားပြီး အပစ်ရပ်ထားတဲ့ ကာလမှာ စစ်ကောင်စီကလေကြောင်းသုံးတိုက်ခိုက်တာတွေ ဆက်လုပ်ဆောင်မှုရှိတဲ့အပေါ် KNU အနေနဲ့ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ အပစ်အခတ် ယာယီရပ်စဲရေးထုတ်ပြန်ထားတဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့နယ်မြေထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ကျနော်တို့သိရပါတယ်။ ဒါကတော့ လူသားမဆန်မှု လုပ်ရပ်တခုဖြစ်တယ်လို့ ကျနော်တို့နားလည်ပြီးတော့ အာဏာပြန်လည်ရရှိရေးကို အဓိကထားတဲ့ ဆောင်ရွက်ချက်လို့ ကျနော်တို့ရှုမြင်ပါတယ်။
မေး။ ။ ဧပြီ (၂) ရက်နေ့ညပိုင်းမှာတော့ စစ်ကောင်စီတပ်က သူတို့စစ်စခန်းတွေ၊ ဌာနဆိုင်ရာနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မတိုက်ခိုက်ဖို့၊ အင်အားမစုဖို့ သတ်မှတ်ချက်တွေနဲ့ ဧပြီ ၂၂ ရက်နေ့အထိ အပစ်ရပ်တယ်လို့ ထုတ်ပြန်လာတယ်။ ဒီအပေါ်မှာရော KNU အနေနဲ့ ဘယ်လိုအမြင်ရှိပါလဲ။
ဖြေ။ ။ သူ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အရမ်းကျပ်တည်းနေတဲ့အချိန်ကြတော့ ဒါကိုဖြေလျှော့တဲ့သဘောပဲ ရှိတယ်။ တကယ့်မူရင်းစိတ်သဘောထားကတော့ တိုက်ပွဲ ဆက်လက်ဆင်နွှဲမှာပဲ။ သူတို့အတော်ဒုက္ခရောက်နေ လို့သာ အပစ်အခတ်ရပ်စဲတယ်ဆိုတာကို ပြန်ပြောင်းတာပါ။ ကယ်ဆယ်ရေးအပိုင်းမှာဆို သူအများကြီးလုပ်ရမယ်။
မထင်မှတ်တဲ့အတိုင်းအတာလောက်အထိကို ထိခိုက်မှုတွေများတယ်။ အဲဒီ ထိခိုက်သွားတဲ့သူတွေထဲမှာဆိုရင် သူ့တပ်မိသားစုဝင်တွေလည်း ပါတယ်လို့သိရတယ်လေ။ ဒါကြောင့် သူ့အနေနဲ့အရမ်းကို အကျပ်အတည်းရှိလို့ ဒီလို အပစ်ရပ်တယ်ဆိုပြီး ထုတ်တာ။ တကယ့်တကယ်မြေပြင်မှာတော့ တိုက်စရာရှိရင် သူကတိုက်မှာပဲ။
မေး။ ။ KNU နယ်မြေအတွင်းမှာလည်း ငလျင်ဒဏ်သင့်တာမျိုးကြုံနေရတဲ့အပေါ်မှာ KNU ရဲ့ ကူညီ ကယ်ဆယ်ရေးတွေကို ဘယ်လိုလုပ်ဆောင်နေပါလဲ။
ဖြေ။ ။ စောစောကပြောသလိုပဲ ကျနော်တို့နယ်မြေထဲမှာ ငလျင်ဒဏ်သင့်တဲ့အခြေအနေက အင်မတန်မှ နည်းပါးတာဖြစ်တဲ့အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြီးမား မားဆောင်ရွက်ရတာမရှိဘူးပေါ့ နော်။ အောက်ခြေမှာရှိနေတဲ့ မြို့နယ်၊ ခရိုင်က တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးတာဝန်ရှိ ခေါင်းဆောင်တွေရဲ့ တင်ပြချက်အပေါ်မှာ အဓိကထားပြီး ဆောင်ရွက်တာလုပ်ရပါမယ်။ သို့သော်ငြားလည်းပဲ လတ်တလောမှာ အောက်ခြေက ခေါင်းဆောင်တွေဆီက အစီရင်ခံစာကတော့ တက်မလာသေးဘူးနော်။ ဒီအပေါ်မှာကျနော်တို့ စဥ်းစားဆောင်ရွက်ရမှာပါ။
မေး။ ။ စစ်ရေးအခြေအနေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရတာတွေအတွက် အခက်အခဲ ကြုံရတာတွေရော ရှိနိုင်မလား။
ဖြေ။ ။ စစ်ကိုင်းနဲ့ မန္တလေးဆိုတဲ့နယ်မြေဒေသတွေထဲမှာ စစ်ရေးအခြေအနေတင်းမာနေတယ်ဆိုရင် ကူညီကယ်ဆယ်ရေးလုပ်ရတာ အရမ်းကိုခက်ခဲမယ်ဆိုတာ ကျနော်တို့အနေနဲ့လည်း သိရှိရပါတယ်။ အဲဒီဟာကို အကောင်းဆုံး ဘယ်လိုဖြစ်အောင်လုပ်ရမလဲဆိုတဲ့အပေါ်မှာ ကျနော်တို့အင်အားစုတွေ ဆုံးဖြတ်ပြီးတော့ ဆောင်ရွက်ထားပြီးသား၊ ထုတ်ပြန်ကြေညာထားပြီးသား ဖြစ်တယ်လို့ ဒီလိုပဲပြောချင်ပါတယ်။