ဧပြီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မန္တလေးတိုင်းဒေသကြီး၊ အိုးဘိုအကျဥ်းထောင်၌ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများ အပါအဝင် အကျဉ်းသား ၃၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကို ကူညီနေသည့် အဖွဲ့အစည်း (၇) ဖွဲ့က ယမန်နေ့ (ဧပြီလ ၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အိုးဘို အကျဉ်းထောင်တွင် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၈၀ ဦးကျော်တွင် နိုင်ငံရေးအကျဥ်းသား ကျား ၁၀ဦး၊ မ ၁၀ဦး အပါအဝင် အကျဥ်းသူ/သားစုစုပေါင်း (၃၀) ဦးထက်မနည်း သေဆုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုသည် မြေပြင်တွင် ပိုမိုများပြားနိုင်သည့် အခြေအနေတွင်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်ထိ ငလျင်ဒဏ် ဆိုးရွားစွာခံစားခဲ့သော နိုင်ငံရေးအကျဉ်းသားများကို ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအဖွဲ့စည်းများထံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီမရရှိကြသည့်အပြင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားရသူများမှာလည်း ထောင်တွင်းဆေးကုသမှု လုံလုံလောက်လောက်မရကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ အခြေခံဆေးဝါးကအစ လုံလောက်မှုမရှိလို့ ထိခိုက်ဒဏ်ရတဲ့ အကျဥ်းသားတွေဆို ကိုယ့်စရိတ်နဲ့ကိုယ် ကုသနေကြရတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ လည်း မြန်မာငလျင်ကို အာရုံစိုက်လုပ်ဆောင်ပေးနေသလို အကျဥ်းထောင်တွေကိုလည်း ချန်မထားဖို့ အထူးအာရုံစိုက်ပြီးတော့ ထိရောက်တဲ့ ကူညီလုပ်ဆောင်မှုတွေ လုပ်ပေးကြဖို့ ကျနော်တို့ အဓိက တိုက်တွန်းချင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် အကျဥ်းထောင်အတွင်း ထိခိုက်သေဆုံးသည့် သတင်းများကို စစ်ကောင်စီက သတင်းအမှောင်ချထားသလို ငလျင်ကြောင့် ပျက်စီးယိုယွင်းနေသည့် အဆောက်အအုံများအတွင်း ဝင်ရောက်နေထိုင်ရန် အတင်းအကျပ်စေခိုင်းနေကြောင်း၊ မနာခံသော နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားများကို သာယာဝတီထောင်သို့ ထောင်ပြောင်းမည်ဟူသည့် ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း PPNM ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ အကျဉ်း ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပေါ် စစ်ကောင်စီ၏ ရက်စက်စွာ ဖိနှိပ်အကြမ်းဖက်မှု အခြေအ နေအား စဉ်ဆက်မပြတ် စောင့်ကြည့်ဖိအားပေးကြရန်လည်း အဖွဲ့များ၏ ပူးတွဲထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအသင်း (KPPA)၊ အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများအဖွဲ့ (WOPP)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS)၊ နွေဦး တမန် နိုင်/ကျဉ်း ကူညီစောင့်ရှောက်ရေးအဖွဲ့၊ ထောင်ဝင်စာပို့ကြမယ်အဖွဲ့တို့ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


















