Home သတင်း ငလျင်ဒဏ်ကြောင့် နေအိမ် ၂၈,၄၄၇ လုံး ပြိုကျခဲ့

ငလျင်ဒဏ်ကြောင့် နေအိမ် ၂၈,၄၄၇ လုံး ပြိုကျခဲ့

266
Photo-Myanmar Fire Service

ဧပြီ ၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာတွင် မတ် ၂၈ ရက်နေ့တွင် ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ အားပြင်း စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် ပဲခူးတိုင်းတို့တွင် အများပြည်သူပိုင် နေအိမ် ၂၈၄၄၇ လုံး ထိခိုက်ပြိုကျခဲ့သည်ဟု အမျိုးသားညီညွှတ်ရေး အစိုးရ-NUG က ဧပြီ ၆ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များအရ ငလျင်ဒဏ်အပြင်းထန်ဆုံး ခံခဲ့ရသည့် မန္တလေးမြို့တွင် ပြည်သူပိုင်နေအိမ် ၁၇,၆၃၇ လုံး၊ နေပြည်တော် ၅,၆၀၀ လုံး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄,၇၄၅ လုံး နှင့် ပဲခူးတိုင်းဒေသကြီးတွင် ၄၆၅ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ ၃ သန်း ၃သိန်း နီးပါး ယနေ့အချိန်ထိ ငလျင်ဒဏ်ကို ခံစားနေရသည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ ငလျင်ဘေးကြောင့် ပြည်သူပိုင်နေအိမ်များအပြင် ဘာသာရေးအဆောက်အအုံ စုစုပေါင်း ၄,၉၃၁ ခု ပျက်စီး ဆုံးရှုံးခဲ့ပြီး စာသင်ကျောင်း ၅၅၂ ကျောင်းမှာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ငလျင်ကြောင့် မြို့နယ်လေးခုမှာ သေဆုံးသူ ၃,၀၄၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂,၅၉၃ ဦး ရှိနေပြီးဖြစ် ကြောင်း NUG က ပြုစုထားသည့် စာရင်းများအရ သိရသည်။

သို့သော် စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းတွင် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၃,၅၁၄ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၄,၈၀၉ ဦးရှိကြောင်း ဧပြီလ ၆ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါငလျင်ကြောင့် ထိခိုက်နစ်နာသူများအား ထောက်ပံ့နိုင်ရန်အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး- UNHCR က ငလျင်ဘေးမှ လွတ်မြောက်လာသူများကို ၁.၂ သန်းကို ကူညီရန် ဒေါ်လာ ၁၆ သန်း တောင်းခံထားသည်။

ထိုငွေများကို အရေးပေါ်ကယ်ဆယ်ရေးကြိုးပမ်းမှုများ တိုးချဲ့နိုင်ရေး၊ အိုးအိမ်မဲ့များကိုနေရာချထား ပေးနိုင် ရေးအတွက် စီမံခန့်ခွဲရန်နှင့် ထိခိုက်လွယ်သူများကို ကူညီထောက်ပံ့သွားရန် အတွက်ဖြစ်သည်ဟု ဖြစ်ကြောင်း UNHCR က ပြောဆိုထားသည်။