Home သတင်း ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတွင် သင်္ကြန်အကျနေ့ ညပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေ

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတွင် သင်္ကြန်အကျနေ့ ညပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေ

537
Photo: CJ

ဧပြီ ၁၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတွင် သင်္ကြန်အကျနေ့ ညပိုင်းမှစ၍ ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ အာရှလမ်းမကြီး လမ်းပိုင်းတွင် အောင်ဇေယျစစ်ကြောင်း၊ လမ်းကြောင်းရှင်းရန်အတွက် စစ်ကောင်စီတပ် ဘက်မှ အင်အားအပြည့်ချထားပြီး ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) ည ၉နာရီအချိန်တွင် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် နှစ်ဖက် တိုက်ပွဲစတင် ဖြစ်ပွားပြီး တိုက်ပွဲပြင်းထန်နေသည်ဟု လမ်းပိုင်းအနီးတဝိုက်၌ နေထိုင်သူ ဒေသခံများက ပြောသည်။

ကျုံဒိုး-ကော့ကရိတ် အာရှလမ်းမပေါ် ၅ တိုင် မူလတန်းစာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တောလှန်ရေး ပူးပေါင်းတပ်တို့ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အများအပြားရမ်းပစ်နေသလို လေယာဉ်များ လှည့်ပတ်ပျံသန်းနေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“မနေ့ ည ၈ နာရီခွဲ လောက်မှာ လေယာဉ်လာတယ်။ လေယာဉ်လာပြီး လက်နက်ကြီးတွေ စပစ်တယ် တစ်ညလုံး ဘဲ အခုမနက်အထိဘဲ။ အခုတိုက်ပွဲဖြစ်တာက လမ်းဘေးနား အနီးမှာဆိုတော့ အဲမှာရှိတဲ့လူထုတွေက အကုန်ပြေး ရတယ်။ ပတ်ပတ်လည်မှာ နှစ်ဖက်တပ်ရှိတယ်။ လက်နက်ကြီးတွေက ပတ်ပတ်လည်မှာကျတော့ ကျမတို့လူထု တွေကလဲ ဒီလိုဘဲ လိုက်ပြေးရတယ်” ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ငါးတိုင်ကျေးရွာအပြင် အဆိုပါလမ်းတလျှောက်ရှိ ၈ တိုင်နှင့် ၉ တိုင် နေရာများတွင်လည်း နှစ်ဖက်ပစ်ခတ်မှုရှိပြီး အနီးနားကျေးရွာများတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် သင်္ကြန် အတွင်း ဒေသခံပြည်သူများ တိမ်းရှောင်နေရသည်ဟု သိရသည်။

“တိုက်ပွဲဖြစ်တာဟုတ်တယ် ငါးတိုင်စာသင်ကျောင်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတော့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေကဝင် သွားပစ်တာ အဝေးကနေပစ်တာတော့ မဟုတ်ဘူး။ တိုက်ပွဲက ဆက်ပြင်းထန်း နေတုန်း ဘဲ ထိခိုက်မှုတွေတော့ မသိရသေးဘူး” ဟု ဒေသအတွင်းရှိ ကေအဲန်ယူ၊ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြော သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားသည့် နေရာအနီးရှိ ငါးတိုင် ဘုန်းကြီးကျောင်းဝင်းတွင် နယ်ခြားစောင့်တပ်-BGFတပ်ဖွဲ့များ တပ်စွဲထားသော်လည်း ပစ်ခတ်မှု ပြုလုပ်ခြင်းမရှိသေးသည်ကို တွေ့ရကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

ကျုံဒိုးမြို့မှစ၍ ကော့ကရိတ်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပြင် နယ်ခြားစောင့်တပ်-BGFနှင့် ဗိုလ်ဘိ ဦးဆောင် သည့်- DKBA တပ်ဖွဲ့ဝင်များလည်း ထိုလမ်းတစ်လျှောက် ဂိတ်များဖွင့် တပ်စွဲထားခြင်းများလည်း ရှိကြောင်း သိရသည်။