ဧပြီ ၁၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများနှင့် သတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီက ဂျက်တိုက် လေယာဉ်ဖြင့် မနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ကျုုံဒိုး- ကော့ကရိတ် အာရှလမ်းမဘေးရှိ ကော့ဝါလဲ့၊ သာယာကုန်း ကျေးရွာဘက်သို့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုနေရာသည် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ ၅၄၅)နှင့် နီးသည့် ကျေးရွာများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ် မိချောင်းအင်း၊ ရန်ကုတ် ကျေးရွာဘက်သို့ မနက် ၆ နာရီခန့် အချိန် တွင် Y12 ဗုံးကြဲ လေယာဉ် ဖြင့် ၃ ကြိမ် ဝဲပတ်ပျံသန်းပြီး ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူ-စီမံ အုပ်ချုပ်နယ်မြေ အတွင်းရှိ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။
“တစ်ညလုံး ပစ်သံခတ်သံတွေ ကြားနေရတာ၊ ရင်ကွဲတောင်ဘက်တိုက်ပွဲ ဆက်ဖြစ်နေတယ်။ ဒီမနက်ကျ တော့ Y12 တစ်စီး မိချောင်းအင်း၊ ရန်ကုတ်၊ လှိုင်ဝ ရွာဘက်လာကြဲချတယ်။ လူနာသတင်းတော့ မကြားသေးဘူး၊ ကျုံဒိုး သာယာကုန်း ဘက်လည်းဂျက်ဖိုက်တာနဲ့ ကြဲတယ်။ ဒီမနက်၂ နေရာပေါ့နော့်၊ သာယာကုန်းမှာတော့ အိမ်ပျက် တယ်၊ လူထိတာတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ သတင်းရေးသားနေချိန် မနက် ၁၀ နာရီ အချိန်ထိ ကော့ကရိတ်၊ ကျုံဒိုး တောင်ကြာအင်းကျေးရွာဘက်သို့ လေယာဉ် ကင်းထောက်ပျံသန်းမှုများ ရှိနေသည့် အတွက် လေကြောင်းရန် စိုးရိမ် သတိထားနေရသည်ဟု ဒေသခံ များက ပြောသည်။
ထို့အပြင် စစ်ကောင်စီက ယမန်နေ့ ဧပြီ ၁၅ ရက်နေ့တွင် ကျုံဒိုး ကမ်းနီးကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ကော့ကရိတ်၊ ကျုံဒိုး ကျေးရွာများသို့ လေကြောင်းမှ ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း စစ်ရေးသတင်း ရင်းမြစ်များက ပြောသည်။
လက်ရှိ ကော့ကရိတ်၊ ကျုံဒိုး မြို့အတွင်း စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေး တစ်ကျော့ပြန် လုပ်ဆောင်ရန် လက်နက်၊ လူအင်အား ဖြည့် စစ်ပြင်ဆင်နေမှုများကြောင့် ဒေသတွင်းရှိ တော်လှန်ရေးတပ်များက စစ်ကောင်စီ တပ်ရင်း ဌာနချုပ်အနီး ဝန်းကျင်ရှိ ကာကင်းစခန်းများ၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတွင် ဂိတ်ဖွင့် ငွေကောက်ခံ နေသည့် စစ်ကောင်စီဂိတ်များကို ဟန့်တား တိုက်ခိုက်နေသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်များ က ပြောသည်။