ဧပြီ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျုံဒိုးမြို့အနီးဝန်းကျင်တွင် စစ်ကောင်စီ၏ အဆက်မပြတ် လေကြောင်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသည့် ဒေသခံများ အရေးပေါ် စားနပ်ရိက္ခာနှင့် နေထိုင်ရေးအကူအညီများ လိုအပ်နေသည်ဟု ထွက်ပြေး တိမ်းရှောင်နေသည့် ဒေသခံများက ပြောသည်။
ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှစ၍ စစ်ကောင်စီက ကျုံဒိုးမြို့အနီးဝန်းကျင်ရှိ ကျေးရွာ ၅ ရွာခန့်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါကျေးရွာရှိ ဒေသခံများက နီးစပ်ရာ ဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ်စားနပ်ရိက္ခာနှင့် နေထိုင်ရေးအမိုးအကာများ လိုအပ်နေသည်ဟု ထွက်ပြေးတိမ်းရှောင်နေရသူ အင်းကြီးကျေးရွာ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“ကျနော်တို့ သင်္ကြန်ကြိုပြီး နောက်တစ်နေ့မှာ လာပစ်တယ်။ ဒီနေ့အချိန်ထိလည်း ပစ်နေတုန်းပဲ။ ဒီမနက်လည်း ကျနော်တို့ ရွာလမ်းမကြီးအနီးကို လာပစ်သွားတယ်။ တစ်ရွာလုံးနီးပါး ထွက်ပြေးကုန်ပြီး။ တချို့က ရွာအနီးနား တွေမှာ ကပ်နေကြတုန်းပဲ။ တချို့က ပိုဝေးတဲ့နေရာမှာ သွားနေကြတယ်။ အခုက အစားအသောက် အခက်အခဲ ဖြစ်နေတယ်။ ရွာထဲကိုလည်း ပြန်ယူမရဲ ကြတော့ဘူး။ မိုးကလည်း ရွာထားတော့ အမိုးအကာလည်း မရှိဘူး။ သစ်ပင်အောက် လိုက်အိပ်ရတာ ခြင်တွေလည်း အရမ်းကိုက်တယ်။ အစားအသောက်တွေတော့ အဓိက လိုတာပေါ့ ဗျာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်နှင့် ကျုံဒိုးမြို့အနီးရှိ ငါးတိုင်၊ နွားခြံကုန်း၊ ကောင်းမှု၊ ကော့ကရိတ် ချောင်းသာရပ်ကွက် အာရှလမ်း၊ ရင်ကွဲတောင်၊ ရန်ကုတ်၊ ကော့ဝါလဲ့၊ သာယာကုန်း၊ ကမ်းနီနှင့် အင်းကြီးကျေးရွာ စသည့် ကျေးရွားများတွင် လေကြောင်းတိုက်ခိုက်ခံရပြီး ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေး တိမ်းရှောင်ရခြင်း ဖြစ်သည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီများ လာရောက်ကူညီလှူဒါန်းသူ မရှိသလောက် နည်းပါးနေပြီး အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကို သွားရောက်ကူညီသူ လေးကေ့ကော် လူငယ်ကွန်ရက်မှ အမည်မဖော်လိုသူ တစ်ဦးက ယခုလို ပြောသည်။
၎င်းက “ သူတို့က လူအယောက် ၃၀၀၊ ၂၀၀ ဟိုတစ်စု ဒီတစ်စု လိုက်နေကြတယ်။ အခုက အယောက် ထောင်နဲ့ချီ ရှိလာတယ် ကြားတယ်။ အဓိက က အရေးပေါ် ဆန်နဲ့ စားနပ်ရိက္ခာခြောက်တွေရရင် ပိုကောင်းတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ယခုလို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံ အများအပြား ဒဏ်ရာရကာ အရပ်သားနေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
ထို့အပြင် ယနေ့ မနက် (၈) နာရီ ဝန်းကျင်အချိန်တွင် ကျုံးဒိုးမြို့နယ် သလွဲထော်ကျေးရွာသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲချရာ ပြည်သူတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။



















