ဧပြီ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျုံဒိုး-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက် ပြီးခဲ့တဲ့ သင်္ကြန်ကာလ တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်စည်တင်ယာဉ်များ မြဝတီ-ထို့ကော်ကိုး-နဘူး-ထီလုံ လမ်းပိုင်းမှ ပြောင်းလဲသွားလာနေရသည်ဟု ကုန်တင် ယာဉ်မောင်းများက ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက အာရှလမ်းမကြီး ဂျိုင်းရွာကြီးမှ ကျားကလေး လမ်းဆုံထိ အင်အား အများအပြားချထားသလို ဂျိုင်းတံတား ဖားအံဘက်ခြမ်းတွင် ခံစစ်ပြင်ဆင်နေသည့်အတွက် ကုန်တင် ယာဉ်များ ဖြတ်သန်းမသွားလာရဲ ဖြစ်နေသည်ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင်နေသူ တစ်ဦးက ယခုလို ပြောသည်။
“ဂျိုင်းတံတားမှာ သူတို့စစ်ပြင်နေတယ်၊ လက်နက်ကြီးတွေ စက်လတ်တွေ၊ စနိုက်ဘာတွေ ထောင်ထားတယ် ဆိုတော့ ပစ်ခံရမယ် မီးရှို့ခံရမယ်၊ ကားကြီးတွေ မဖြတ်ရဲ ကြတော့ဘူး။ စစ်ရှောင်ရွာသား ဆိုင်ကယ်တို့ ဟိုက်ဂျက် တို့အိမ်စီးကားတွေဘဲ သွားတာ့တယ်၊ ကုန်ကားကြီးတွေ မသွားကြတော့ဘူး။ နဘူး-ထီလုံလမ်းကဆင်းပြီး ဖားအံ ကိုဝင်ကြတယ်” ဟု မြဝတီ ကုန်စည်ယာဉ် စီစဉ်ပေးသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ PDF မဟာမိတ်ပူးပေါင်းတပ်များက ကျုံဒိုး- ကော့ဝါလဲ၊ နွားခြံကုန်း၊ လေးတိုင်၊ ငါးတိုင်ရွာများရှိ စစ်ကောင်စီဂိတ်နှင့် ခွဲထွက် DKBA ဗိုလ်ဘိဂိတ်၊ ရင်ကွဲတောင် စစ်ကောင်စီ ဂိတ်တို့ကို ထိန်းချုပ်ထားပြီး နယ်မြေရှင်းလင်းနေသည်ဟု ပူးပေါင်းတပ် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီဘက်ကလည်း ကော့ကရိတ်-နဘူးလမ်းခွဲ အနီးရှိ ကိုးတိုင် အကောက်ခွန်ဂိတ်၊ စကခ-၁၂ နှင့် ခမရ-၅၄၆ တပ်ဘက် တိုက်ခိုက်မခံရရေးအတွက် အနီးရှိ ကျေးရွာများသို့ ဧပြီ ၁၇ မှ ယနေ့ ဧပြီ ၁၈ ရက်နေ့ နံနက်ပိုင်း အထိ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီး ပစ်ထုတ်တိုက်ခိုက်မှုများ ဆက်လုပ်နေသည်ဟု သိရသည်။
ယခုလို အခြေအနေများကြောင့် ကုန်စည်စီးဆင်းသည့် လမ်းကြောင်းများ ရပ်တန့်် သွားနိုင်သည်ဟု မြဝတီရှိ ကုန်သည်များက သုံးသပ် ပြောဆိုသည်။
“အာရှလမ်း ကျုံဒိုး ဂျိုင်းတံတားသွားမရဲတော့ နဘူး-ထီလုံ လမ်းကသွားတယ်။ အခု နဘူး-ထီလုံ ဘက်လည်း လေယာဉ်ရော၊ လက်နက်ကြီးရော ပစ်ချနေပြီးဆိုရင် ထိုင်းကုန်စည်ကားတွေ သွားဖို့က မဲသဝေါ-လှိုင်းဘွဲ လမ်းဘဲ သွားရမယ့် အခြေအနေပေါ့။ တစ်ဂွင်လုံးကြီး တိုက်ပွဲဖြစ်ရင်တော့ ကုန်တွေ အားလုံး ရပ်ကုန် နိုင်တယ်။ မြဝတီမှာ ကားတွေ ကျန်နေတယ် ဆင်းဖို့၊ တောင်ပေါ် လမ်းတွေက အဆင်ပြေတယ်။ အောက်ဘက်ရောက်ရင် ဆက်သွားဖို့ ခက်တယ်” ဟု မြဝတီကုန်စည်ယာဉ် စီစဉ်သူတစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် လတ်တလော ထိုင်းကုန်စည်တင် ယာဉ်များအနေဖြင့် မြဝတီမြို့မှ ထိုင်းကုန်စည်များကို ဒေါန တောင်လမ်းဟာင်း၊ ထို့ကော်ကိုးလမ်း၊ BGF ၁၀၁၈ ကြက်ဥတောင်လမ်း များမှနဘူး-ဒေါ်လန်း လမ်းပိုင်းကို ဖြတ် သန်းကာ ဖားအံမြို့ ဘက်သို့ သွားလာ နေသည်ဟု ကုန်စည် ယာဉ်မောင်းများက ပြောဆိုသည်။




















