Home သတင်း ကျိုက်ထီးရိုးတွင် ပျူစောထီးတပ်ဖွဲ့ဝင် ၅ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထား မိသားစုဝင်များကိုမူ ပြန်လွတ်ပေး

ကျိုက်ထီးရိုးတွင် ပျူစောထီးတပ်ဖွဲ့ဝင် ၅ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထား မိသားစုဝင်များကိုမူ ပြန်လွတ်ပေး

368
Photo: CJ

ဧပြီ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေ၊ ကင်မွန်းချောင်းကျေးရွာသို့ ရောက်ရှိနေသည့် ပျူစောထီး တပ်ဖွဲ့ဝင် ၅ ဦးကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးထားပြီး ၎င်းတို့နှင့် အတူပါ မိသားစုဝင်များအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ဘက်မှ ကျိုက်ထီးရိုးသို့ ရောက်လာသည့် ပျူစောထီး ခေါင်းဆောင်နှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅ ဦး၊ ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း လူ ၄၀ ကျော် ပါဝင်သည့်အဖွဲ့ကို ကဒက်ချောင်းရေတံခွန်ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ကျိုက်ထိုအခြေစိုက် တော်လှန်ရေး အင်အားစုက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ရာဇဝတ်မှု၊ ပြစ်မှုကျူးလွန်ကြောင်း သတင်းပေးချက်အရ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အတူပါလာသည့် မိသားစုဝင်များကို ပြန်လွှတ်ပေးလိုက်ပြီးဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

“ကားနံပါတ်ကအစ သတင်းပေးလို့ ဖမ်းလိုက်တာ ၅ ယောက်ပဲ။ မသက်ဆိုင်သူတွေကတော့ ပြန်လွှတ်လိုက်ပါပြီ။ ပစ်မှုတွေကတော့ ညောင်လေးပင်ဘက်မှာ တော်တော်များများ ကျူးလွန်ခဲ့တယ်။ စစ်ခံချက်ထဲမှာလည်း မိသားစု လိုက် အိမ်ထဲမှာ ကြိုးတုပ်၊ မီးရှို့သတ်တာတွေ အကုန်ပေါ်တယ်။ အဲဒီဘက်ကို ဆက်သွယ်ပြီး ကျနော်တို့ လုပ်သင့် တာ ဆက်လုပ်ပါမယ်” ဟု တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးခဲ့သည့် အဖွဲ့ထဲတွင် အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၂၃ ဦးတို့ပါဝင်ပြီး ထိုထဲမှ ၄၃ ဦးကို ဧပြီလ ၁၆ ရက်နေ့က သထုံခရိုင် ဝင်းကံကျေးရွာမှ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်၍ ကျန်ရှိအမျိုးသား (၅) ဦးကို တော်လှန်ရေးအင်အားစုက သီးခြားဖမ်းဆီးခေါ်ဆောင်သွားသည်ဟု စစ်ကောင်စီထိန်းချုပ်သည့် မီဒီယာများမှ ဧပြီလ ၁၇ ရက်နေ့တွင် ဖော်ပြသည်။

ဖြစ်စဥ်ဖြစ်ပွားရာ ကျိုက်ထိုမြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)၊ သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်းဖြစ်၍ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၁) ထံသို့ ကေအိုင်စီက စုံစမ်းမေးမြန်းရာ ဖမ်းဆီးထားသည့် မိသားစုဝင်များကို တော်လှန်ရေးအင်အားစုဘက်က ပြန်လည်လွှတ်ပေးလိုက်ပြီဟု ပြောဆိုသည်။

တပ်မဟာ(၁) KNLA တာဝန်ရှိသူတစ်ဦးက “ဖမ်းဆီးတဲ့ဖြစ်စဥ်မှာတော့ ကျနော်တို့ ကေအဲန်ယူ မပါဘူး။ PDF ဘက်က လောလောဆယ် ပျူစောထီး ၅ ယောက်ကို ဖမ်းထားတယ်လို့တော့ သိရတယ်။ သူတို့မိသားစုတွေနဲ့ လာတာဆိုပေမယ့် မိသားစုတွေကို ပြန်လွှတ်ပေးလိုက်ပြီ” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီဘက်က ၎င်းဖြစ်စဥ်အပေါ် မဟုတ်မမှန်သတင်းဖြန့်နေခြင်းနှင့်ပတ်သက်၍ ဖြေရှင်းချက် ထုတ်ပြန် သွားမည်ဟု တော်လှန်ရေးအင်အားစုက ဖြည့်စွက်ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက ကျိုက်ထီးရိုးတောင်ခြေတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း တောင်ခြေနှင့် တစ်မိုင်ခန့်ဝေးသည့် ကင်မွန်းချောင်း နယ်မြေရဲစခန်းဝန်းကျင်၌ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

အလားတူ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးများကို တော်လှန်ရေးအင်အားစုများအပါအဝင် အမည်မသိ လက်နက်ကိုင်များက သတိပေးခြိမ်းခြောက်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု သိရသည်။