Home သတင်း ကော့ကရိတ်မြို့နယ် ၅ နေရာတွင် တိုက်ပွဲ ဖြစ်ပွားနေ

ကော့ကရိတ်မြို့နယ် ၅ နေရာတွင် တိုက်ပွဲ ဖြစ်ပွားနေ

214
Photo: CJ

ဧပြီ ၁၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် နေရာငါး ခု၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ဧပြီ ၁၄ ရက်နေ့ ညပိုင်းမှစ၍ ဧပြီ ၁၅ ရက်နေ့ ညနေပိုင်းထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ကေအိုင်စီ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ ညပိုင်းတွင် ကျုံဒိုး-ကောကရိတ်လမ်းပိုင်း ငါးတိုင်ရွာ၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့ ငါးတိုင်၊ နွားခြံ ကုန်း၊ ကောင်းမှု့၊ ကော့ကရိတ် ချောင်သောင်ရပ်ကွက် အာရှလမ်း နှင့် ရင်ကွဲတောင် ကျေးရွာတို့၌ ကေအဲန်ယူ-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ်တပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဆက်ပြင်းထန်နေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

“ကျုံဒိုးမှာ ကမ်းနီးကို ဗုံးကြဲတယ်၊ နွားခြံကုန်းကို လေယာဉ်က ဒုံးနဲ့ ပစ်တယ်။ ကိုယ့် PDF တွေ ထိတယ်။ ကမ္မရိုက် ကျောင်းလည်းထိတယ်၊ ရင်ကွဲတောင် နေရာနဲ့ ကော့ကရိတ် ကောင်းမှု့ ရွာဘက်မှာလည်း တိုက်ပွဲ ဖြစ်နေတယ်။ စကစက အောင်ဇေယျကို အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းတွေ ဖြန့်တိုက်တာ၊ လေကြောင်း ပစ်ကူပါ ဗုံးကြဲခိုင်း နေတာပေါ့” ဟု KNLA မဟာမိတ် ပူးပေါင်းစစ်ကြောင်း ၃၁ ဗျူဟာ သတင်းအရင်းအမြစ်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်လေယာဉ်နှင့် လက်နက်ကြီးကြောင့် တော်လှန်ရေးတပ်ဘက်မှ ဒဏ်ရာရသူ ရှိသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း သေဆုံးမှုများရှိသည်ဟု သိရသည်။

လတ်တလော ယခု ဧပြီ ၁၅ ရက် ညနေပိုင်းတွင် ကော့ကရိတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ နေရာ ၃ ခု ၌ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်း ကင်းထောက်ပျံသန်းမှုများ ပြုလုပ်နေသည့် အတွက် လေကြောင်းရန်ကို စိုးရိမ်၍ ကျုံဒိုး၊ ကော့ကရိတ် ကျေးရွာသားများ စစ်ဘေးရှောင်နေရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီက ငလျင်ဘေးကြောင့် ဖေဖော်ဝါရီ ၂ ရက်မှ ၂၂ ရက်ထိ အပစ်ရပ်ထားမည်ဟု ပြောဆိုသော်လည်း ထိုကာလအတွင်း ကော့ကရိတ်၊ ကျုံဒိုး လမ်းတလျှောက် လက်နက်၊ လူအင်အား ဖြည့်တင်းခြင်းများ ဆက်တိုက် လုပ်ဆောင်ကာ စစ်ပြင်နေသလို ယခု သင်္ကြန်ကာအတွင်း တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်သည်ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။