Home သတင်း ကမမောင်းမြို့ပေါ် မိုင်းပေါက်ကွဲမှုကြောင့် အသက်မပြည့်သေးသည့် မိန်းကလေး ၃ ဦး ထိခိုက်ဒဏ်ရာရ

ကမမောင်းမြို့ပေါ် မိုင်းပေါက်ကွဲမှုကြောင့် အသက်မပြည့်သေးသည့် မိန်းကလေး ၃ ဦး ထိခိုက်ဒဏ်ရာရ

250
Photo: Social Media

ဧပြီလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင် ကမမောင်းမြို့ပေါ်ရှိ ကမ်းနားဘုရားဆိပ်အနီး၊ ရေစက်အားကစားကွင်း၌ ယမန်နေ့ ဧပြီလ (၁၀) ရက်နေ့တွင် နင်းမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေး (၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ ညနေ (၅) နာရီအချိန်တွင် ကမမောင်းမြို့ အမှတ် (၃) ရပ်ကွက်နေ အသက် (၁၂) နှစ်အရွယ် ကလေး နှစ်ဦးနှင့် (၁၇) နှစ်အရွယ် မိန်းကလေးတို့သည် မြို့လယ်ခေါင် အချက်အချာကျရာ လူသွားလူလာများသည့် ဘုရားအနီးဝန်းကျင်တွင် ရှိသော ကလေးကစားရာ လေ့ကျင့်ရေးကွင်းနေရာသို့ သွားရောက်အနားယူနေစဥ် မြေမြှုပ်မိုင်းနင်းမိပြီး ယခုလို ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

အဆိုပါ ထောင်ထားသည့်နင်းမိုင်း ပေါက်ကွဲမှုကြောင့် မိုင်းနင်းမိသည့် (၁၂) နှစ်အရွယ်တစ်ဦးမှာ ခြေထောက်နှင့် လက်အပါအဝင် နှစ်ခုစလုံး ကြေမွသွားသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ ကျန်သည့် နှစ်ဦးမှာလည်း မိုင်းစများ ထိမှန်သ ဖြင့် ဒဏ်ရာပြင်းထန်ကာ လက်ရှိ ဖားအံမြို့‌ ပြည်သူ့ဆေးရုံကြီးသို့ ပို့‌ဆောင်‌ထားကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံများထံမှ သိရသည်။

“ အဲဒီမှာ ကလေးတွေက နေ့တိုင်း နားနေကျပဲ။ သူတို့ နားရင်းနဲ့ ဓါတ်ပုံရိုက်နေရင်း သွားထိတာ။ နင်းမိတဲ့ တစ်ယောက်က စိုးရိမ်ရတယ်။ လက်လည်း ထိထားပေမယ့် အရိုးမထိရင် ဘာမှ မဖြစ်ဘူး။ ခြေထောက် နှစ်ဖက်လုံးကတော့ ကြေထားတော့ သေချာပေါက် ဖြတ်ရတဲ့ အဆင့်ထိတော့ ရှိတယ်။ သုံးယောက်လုံးက ခြေထောက်မှာပဲ မိုင်းစ အထိမှန်တာ များတယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသည့် ကလေးငယ်သုံးဦးစလုံးသည် မိသားစု စားဝတ်နေရေး အခက်အခဲ ရှိနေသူများ ဖြစ်ကြ၍ လက်ရှိတွင် ဆေးကုသမှုအကူအညီလိုအပ်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ သိရှိရသည်ဟု ၎င်း မြို့ခံအမျိုးသားဖြစ်သူက ဖြည့်စွက်ပြောသည်။

Photo: Social Media

အဆိုပါ မိန်းကလေး နင်းမိသည့် မြေမြှုပ်မိုင်းရှိ နေရာသည် မြို့လယ်ခေါင် နှင့် လူသွားလူလာနေရာတွင် ထောင်ထားခြင်း ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် သွားရေးလာရေးအတွက် စိုးရိမ်ထိန့်လန့်မှုများ ရှိလာသည်ဟု မြို့ပေါ် အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“ အဲဒီ ဘက်ခြမ်းမှကို မဟုတ်ဘူး။ ကမမောင်းရဲ့ ဘယ်နေရာဘက်ခြမ်းကိုမှ သွားမရဲတော့ဘူး။ အဲ့ဒီနေရာက မနက် မိုးလင်းကနေ ညမိုးမချုပ်ခင်အထိ လူတွေ မပြတ်ဘူး။ အရိပ်ရှိတော့ နေ့လည်နေ့ခင်း ကလေးတွေ သွားနား သွားဆော့ ပုံမှန်လူတွေ ရှိတဲ့နေရာ လူတွေ မပြတ်တဲ့နေရာမှာတောင် ဒီလိုဖြစ်နေတာဆိုတော့ သွားသတိ လာသတိနဲ့ နေမှ ရတော့မယ် “ ဟု ၎င်းက ပြောသည်။

ယခုဖြစ်စဥ်တွင် မည်သည့်တပ်ဖွဲ့က ထောင်ခဲ့သည့်မိုင်းဖြစ်ကြောင်း မသိရှိရသော်လည်း ဖာပွန်−ကမမောင်းသို့သွားသည့် လမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညဘက် ကင်းပုန်းချစစ်ဆေးလျက်ရှိနေပြီး ၎င်းစခန်းချထားသည့် လမ်းပိုင်းအနီးတစ်ဝိုင်းတွင် ယခုလို မိုင်းများထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုသည်။

ထို့အပြင် ကမမောင်းမြို့သည် စစ်တပ်နှင့် နယ်ခြား‌စောင့်တပ် (BGF) လက်နက်ကိုင်အဖွဲ့များ အပါအဝင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သွားလာလှုပ်ရှား‌နေသည့်‌ နယ်မြေဖြစ်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။