Home သတင်း သံတောင်(အထူးဒေသ)တိုက်ပွဲများတွင် စစ်ကောင်စီက ပြည်သူ့စစ်အသုံးပြုမှုများလာ

သံတောင်(အထူးဒေသ)တိုက်ပွဲများတွင် စစ်ကောင်စီက ပြည်သူ့စစ်အသုံးပြုမှုများလာ

901
Photo: SAC (ကလေးမြို့နယ်တွင် ၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့သည့် ပြည်သူ့စစ်သင်တန်းတစ်ခု)

မတ်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂) တောင်ငူခရိုင် သံတောင်အထူးဒေသအတွင်း ယခုမတ်လ နောက်ဆုံးအပတ်၌ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ပျူစောထီး(ပြည်သူ့စစ်)အသုံးပြုမှု များလာကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

မတ်လ (၂၃)ရက်မှ (၂၅)ရက်နေ့အထိ သံတောင်အထူးဒေသ သတ်မှတ်နယ်မြေ ကန်လှရွာမှ မိအိကလေး၊ ဗောဓိ ကုန်းကျေးရွာဘက်သို့ အင်အား ၃၀၀ ဝန်းကျင်ပါဝင်သည့် စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဝင်ရောက်လာသော စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ၃ ပုံ ပုံ ၁ ပုံခန့်ပါဝင်လာပြီး ယခင်တိုက်ပွဲများထက် အသုံးပြုမှုပိုများလာသည်ဟု သံတောင်အထူးဒေသအတွင်း စစ်ရေးလှုပ်ရှားသည့် တော်လှန်ရေးတပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်တောင်းမြစ်အရှေ့ဘက်ကြောပေါ့၊ အဲဒီဘက်တွေက အထူးဒေသတပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုသိပ် အားမကောင်းတော့။ သူတို့စည်းရုံးရေးလုပ်လို့ရလို့ ပြည်သူ့စစ်အနေနဲ့ စုဆောင်းလို့ရနေတယ် ပြောရမလားပဲ။ အရင်က လူမသိအောင်ပဲ နည်းနည်းပါးပါးသုံးတာ။ အခုတစ်ခေါက်က သုံးတာပိုများလာတယ်။” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားမှုအားမကောင်းသည့် နယ်မြေရှိ အရပ်သားများအား စည်းရုံး၍ဖြစ်စေ ပေါ်တာဆွဲ၍ အတင်းအကြပ်ဖြစ်စေ တပ်သားစုဆောင်းထားပြီး စနစ်တကျသင်တန်းပေးမှုမရှိ လက်နက်တပ်ဆင်ကာ စစ်ပွဲရှေ့မျက်နှာစာများတွင် အသုံးပြုနေခြင်း ဖြစ်သည်။

သံတောင်အထူးဒေသတွင်ပါဝင်သည့် ပြည်သူ့စစ်များမှာလည်း ထိုနည်းအတူတူပင်ဖြစ်၍ စစ်ယူနီ ဖောင်းဝတ်ပေးထားသော်လည်း ပြည်သူ့စစ်ဖြစ်ကြောင်း အတည်ပြုနိုင်သော အထောက်အထားရှိသည်ဟု ဖော်ပြပါ အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆက်လက်ဖြည့်စွက်ပြောသည်။

“သူတို့ကို စစ်တပ်ယူနီဖောင်းတော့ ဝတ်ထားပေးတာပေါ့။ ဒီဘက်နယ်မြေတွေကျတော့ ကျနော်တို့လှုပ်ရှားနေကျနေရာတွေဖြစ်တယ်။ ဆိုတော့ မျက်နှာကြည့်တာနဲ့ ဘယ်သူကဘယ်ရွာက ဘယ်သူ့သားသမီးဆိုတာ တန်းသိတယ်လေ” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ထို့အပြင် သုံးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှပြည်သူ့စစ်အပါအဝင် ၂၀ ထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း သိရပြီး စစ်ကောင်စီဘက်မှပြောင်း၍ အလင်းဝင်လာသည့် ပြည်သူ့စစ်တပ်ဖွဲ့ ဝင်တချို့ရှိသည်ဟုလည်း တပ်မဟာ(၂)အခြေစိုက်သည့် နောက်ထပ်တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

၎င်းက “ပထမရက်(မတ်လ ၂၃ ရက်)နေ့က မိအိကလေးမှာတိုက်ပွဲဖြစ်တော့ပဲ ရန်သူ(စစ်ကောင်စီ)ဘက်က ၁၀ ယောက်လောက်သေတယ်။ နောက်တစ်နေ့ကျ ဗောဓိကုန်းမှာထပ်ဖြစ်တယ်။ အဲဒီပွဲမှာလည်း ရန်သူထိတယ် ခန့်မှန်းခြေ ၂၀ လောက်ပေါ့။ ပြည်သူ့စစ်တစ်ယောက်ကိုလည်း လက်နက်နဲ့တကွ ဖမ်းမိထားတယ်။ နောက်ပြီး သူတို့ထဲကပြည်သူ့စစ်တစ်ယောက်က ကျနော်တို့ဆီအလင်းလာဝင်တယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

ယင်း သံတောင်အထူးဒေသတိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA, ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO နှင့် တော်လှန်ရေးတပ်ဖွဲများ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်၍ ပူးပေါင်းတပ်ဘက်မှ (၅)ဦး မစိုးရိမ်ရဒဏ်ရာရရှိထားကြောင်း KNDO က ဆိုသည်။

အာဏာသိမ်းမှု ၄ နှစ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းလာသည်နှင့်အမျှ နိုင်ငံအနှံ့ တပ်ဖြန့်ထားရသည့် စစ်ကောင်စီအတွက် မြေပြင်ထိုးစစ်အင်အား လိုအပ်ချက်ရှိလာသည်။ ထို့ကြောင့် တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ တပ်သားအင်အားစုဆောင်းရန် တွန်းအားပေးမှုဖြစ်လာသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် တရားဝင်လူစုဆောင်းပြီး နောက်တွင်လည်း စစ်မှုမထမ်းချင်၍ နေရပ်စွန့်ခွာ နိုင်ငံရပ်ခြားပြေးသူများလာသောကြောင့် နည်းဥပဒေများပြင်ဆင်သတ်မှတ် ကန့်သတ်ခြင်းနှင့် အကြောင်းအမျိုးမျိုးပြ၍ တပ်ဖွဲ့ဝင်အင်အားတောင့်တင်းရေး လုပ်ဆောင်လျက်ရှိကြောင်းလည်း ဒေသအလိုက်သတင်းအရင်းအမြစ်များမှ သိရသည်။