Home သတင်း လာမည့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်ပြီဟု ရိုးရာလက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးပြော

လာမည့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်ပြီဟု ရိုးရာလက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးပြော

1144
Photo (One Championship)

ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

လာမည့် မတ်လ (၈) ရက်နေ့တွင် One Championship ပရိုမိုးရှင်းက ကျင်းပမည့် One Fight Night 29 ပွဲစဥ်၌ ရုရှားလက်ဝှေ့သမား Dmitrii Kovtun နှင့် ယှဥ်ပြိုင်ထိုးသတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရိုးရာလက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် ၎င်း၏နောက်ဆုံးပွဲစဥ်ကို ယှဥ်ပြိုင်ကစားထားခြင်းဖြစ်သော်လည်း ပရိသတ်များ၏ အားပေးတောင်းဆိုမှုနှင့် ကိုယ်တိုင်ဆန္ဒပြင်းပြမှုများကြောင့် ယခုလို အချိန် တစ်လခန့်သာခြားသည့် ပွဲစဥ်ကို အကောင်းဆုံးကြိုတင်ပြင်ဆင်မှုများဖြင့် ထပ်မံယှဥ်ပြိုင်ရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု စိုးလင်းဦးက ပြောသည်။

“ အဆင်သင့် ဖြစ်ပါပြီ။ ရှေ့နှစ်ခေါက်က ရှုံးထားတော့ ဒီတစ်ခေါက်တော့ အကောင်းဆုံး ပြင်ဆင်ထားတယ်။ နိုင်အောင် ထိုးမယ်။ အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်။ သူတို့ရှိမှ ဒီအလုပ်ကို ဆက်လုပ်လို့ ရမယ်။ ဒါကြောင့် ဒီပွဲကို အကောင်းဆုံးလုပ်မယ်လို့ ပြောချင်တယ်” ဟု စိုးလင်းဦးက ပြောသည်။

ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးသည် လာမည့် မတ်လ (၈) ရက်၊ နံနက် (၈) နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Lumpinee အားကစားကွင်း၌ ကျင်းပမည့် One Championship ၏ One Fight Night မွေထိုင်းပြိုင်ပွဲအတွင်း ယှဥ်ပြိုင်ကစားရန် လက်ရှိ ဘန်ကောက်မြို့သို့ ရောက်ရှိနှင့်နေပြီဟု လူမှုကွန်ရက်မီဒီယာများက ဖော်ပြသည်။

စိုးလင်းဦးသည် One Championship ပရိုမိုးရှင်းတွင် ၅ ပွဲ ယှဥ်ပြိုင် ထိုးသတ်ခဲ့ပြီး ၃ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ်ထွက်ပေါ်ထားသူ ဖြစ်သည်။ ယခု ယှဥ်ပြိုင်ထိုးသတ်မည့် ပွဲစဥ်သည် သူ၏ (၆)ပွဲမြောက် ပွဲစဥ်လည်း ဖြစ်သည်။