Home သတင်း မြဝတီမှ ဖားအံသို့ ဆင်းလာသော ကုန်ကား အစီး ၅၀၀ ခန့်ကို ပြည်နယ်စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

မြဝတီမှ ဖားအံသို့ ဆင်းလာသော ကုန်ကား အစီး ၅၀၀ ခန့်ကို ပြည်နယ်စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

985
Photo: CJ

မတ်လ ၆ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့အဝင် စစ်ကောင်စီဂိတ်တွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှတဆင့် ထိုင်းကုန် စည်တင်ဆောင်လာသည့် ကုန်တင်ယာဉ် အစီးရေ ၅၀၀ ခန့်ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ကုန်သည်များက ပြောဆိုချက်အရ သိရသည်။

ယခု မတ်လဆန်းရက်က ကုန်ကားတွင် တားမြစ်ကုန်စည်သတ်မှတ်ထားသည့် ဓာတုဆေးရည်များ တင်ဆောင် လာသည်ကို စစ်ဆေးဖမ်းဆီးရမိသည်ဟု ဆိုပြီးနောက် မတ်လ ၅ ရက်နေ့ ညပိုင်းမှစတင်ကာ ထိုင်းနိုင်ငံထုတ် ကုန်စည်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ်များကို ဖမ်းဆီးစစ်ဆေးမှု လုပ်ဆောင်လာခြင်းဖြစ်ကြောင်း စစ် ကောင်စီ နှင့် နီးစပ်သည် ကုန်သည်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းကုန်သည်က “မြဝတီ အဆင်းကားကို ဖားအံမှာ ဓာတုဆေးရည် တင်လာတာမိတယ်။ မူးယစ်ဆေးချက်တာ ၊ ရွှေတွင်းတွေမှာ ရွှေချက်တာမှာ သုံးတဲ့ဓာတုဆေးရည်လို့တော့ ပြောတယ်။ အဲကားမိရာကနေ၊ တိုင်းမှူး၊ ဒုတိုင်း မှူး၊ နေပြည်တော်ညွှန်ကြားချက်နဲ့ ကုန်စည်ကားတွေ အကုန်ပေါ့။ အခွန်ကျူတီဆောင်ထားတာရော ၊ မဆောင် ထားတာရော၊ အကုန်သိရီကွင်း၊ ရဲဝင်းနဲ့ ကြာအင်းကွေ့ကားဝင်းမှာရော အစီးရေ ၅၀၀ လောက်ဖမ်း ပြီး ရပ် ထားခိုင်းတယ်”ဟု ပြောသည်။

Photo: CJ

ထို့အပြင် ယခုလိုကုန်ကားကြီးများ ဖမ်းဆီးသည့် သတင်းကြောင့် ဖားအံမြို့ပြင် နေရာများတွင် ရှောင်တိမ်းစောင့် ဆိုင်းနေသည့် ကုန်ကားများကို ပြည်နယ်စစ်ကောင်စီ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်မှ လိုက်လံ ဖမ်းဆီးပြီး ဖားအံမြို့တွင်း ကုန်ကားဝင်းကို နေရာရွှေ့ဖမ်းဆီးမှုဆက်ရှိနေသည့်အတွက် ကျုံဒိုး ၊ ကော့ကရိတ် လမ်းပိုင်းတွင် ကုန်ကားများ ရပ်တန့်နေကြောင်း သိရှိရသည်။

“မနက်ကကုန်ကားဖားအံမှာ ဖမ်းနေပြီဆိုတဲ့ သတင်းကြားတော့ မြဝတီအဆင်းကားတွေ ကျုံဒိုးမီးပုံကွင်းနဲ့ ၊ လမ်း မဘေး ရာဘာခြံတွေထဲ ပါကင်ထိုးပြီး နေနေကြတယ်။ ဆက်မဆင်းတော့ဘူး၊ ထို့ကော်ကိုးကားဝင်း ၊ နဘူး၊ ထီလုံ လမ်းမှာလည်း ကုန်ကားတွေ ရပ်နေတယ်။ BGF ဂိတ်တို့၊ KNLA / PC ဂိတ် တို့မှာနေနေကြတယ်”ဟု ကျုံဒိုးတွင် ကုန်ကားများရပ်နားနေသည့် အခြေအနေကို မြင်တွေ့သူက ပြောသည်။

ယခုလက်ရှိ မတ်လ ၆ ရက်ညနေပိုင်းအထိ ကုန်စည်ကားပိုင်ရှင်များ၊ ကုန်ပစ္စည်းပိုင်ရှင်များ၊ ကုန်ကားလမ်း ကြောင်း ရှင်းပေးသည့် ပွဲစားများမှ ပြည်နယ်စစ်ကောင်စီ ရဲတပ်ဖွဲ့၊ အကောက်အခွန်ဌာန တာဝန်ရှိသူများကို ကုန်စည် ကားများလွှတ်ရေးအတွက် လာဘ်ငွေသိန်းရာချီပေးညှိနှိုင်းနေကြောင်း၊ ကုန်ကားအစီးရေရာချီ ဖမ်းဆီး ထားသည့် အခြေအနေမှာ ဆက်လက်မြင့်တက်နေသည့်အတွက် စိစစ်ပြီး ပြန်လွတ်ပေးရန် မသေချာသေးကြောင်း ဖားအံ မြို့ခံများ ပြောဆိုသည်။