Home သတင်း တနင်္သာရီမြို့နယ်တွင် စစ်ရှောင်တချို့ သောက်သုံးရေ ရှားပါးမှုစတင်ကြုံတွေ့နေ

တနင်္သာရီမြို့နယ်တွင် စစ်ရှောင်တချို့ သောက်သုံးရေ ရှားပါးမှုစတင်ကြုံတွေ့နေ

584
Photo: (ဒေါနတနင်္သာရီစစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့)

မတ် ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီ မြို့နယ်တွင် စစ်ရှောင်တချို့ သောက်သုံး‌ရေ ရှားပါးမှု စတင်ကြုံတွေ့နေရသည်ဟု မြေပြင်စစ်ရှောင် ကူညီနေသူများက ပြောသည်။

အဆိုပါ တနင်္သာရီ မြို့နယ်တွင် ပင်လယ်နှင့် နီးသည့်နေရာများ၌ နွေရာသီတွင် ရေချိုရှားပါးလေ့ရှိသည်။ တချို့ စစ်ရှောင်များသည် တောင်ပေါ်များတွင် စစ်ရှောင်ရပြီး သဘာဝရေချိုထွက် စိမ့်စမ်းတွင်းများ ရေရရှိမှုနည်းလာ သည့်အတွက် ယခုလို သောက်သုံးရေ ရှားပါးမှု စတင်ကြုံတွေ့နေရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ယခုလို ပြောသည်။

“နွေရာသီပူပြင်းလာတာက ပိုဆိုးလာတယ်။ အဲ့တာအပြင်ကိုမှ တချို့နေရာတွေဆို ရေတွေခမ်းတယ်။ ပင်လယ် ပြင်နဲ့နီးပေမဲ့ ရေပြတ်လပ်မှုဒဏ်တွေကို စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ကြုံတွေ့လာရတယ်။ ပြီးတော့ တောင်ပေါ်နေရာတွေမှာ စစ်ရှောင်နေရတဲ့ ဒေသခံတွေလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် တနင်္သာရီတိုင်းအတွင်းတွင် စစ်ရှောင်သူဦးရေအများဆုံးနေထိုင်သည့် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီဘက်က ကုန်စည်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်မှုများ လုပ်ဆောင်နေသည့်အတွက် ဒေသခံ စစ်ရှောင်များအနေဖြင့် ကုန်ဈေးနှုန်းတက်ခြင်းအပြင် ဆေးဝါးပြတ်လပ်တဲ့ဒဏ်ကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီမှ စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ကိုလည်း စစ်ရှောင်များ ခံစားနေကြရသည့်အပြင် သောက်ရေသန့်အလုံအလောက်မရှိသည့်ဒဏ်များကိုလည်း ခံစားနေကြရကြောင်း စစ်ရှောင်ကူညီပေးနေသူ အမျိုးသားတစ်ဦးက ထပ်မံပြောဆိုသည်။

“ရိက္ခာတွေဝယ်ရတာ ခက်ခဲတဲ့အပြင် အခုလက်ရှိသောက်ရေသန့်ရရှိဖို့ခက်လာတာက အဓိကပြဿနာ ဖြစ်လာ တယ်။ ရေသန့်တွေကလည်း ဝယ်ဖို့မလွယ်ဘူး။ ကုန်စျေးနှုန်းတွေက တက်လာတယ်။ အဘက်ဘက်ကနေ ကြပ်တည်း လာတဲ့ဒဏ်ကို ခံရပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ တနင်္သာရီ တိုင်းဒေသကြီးအတွင်း စစ်ရှောင်ဦးရေ စုစုပေါင်း ၆၀,၀၀၀ ဦးကျော်ရှိသည်ဟု စစ်ဘေးရှောင်ကူ ညီနေသူများထံမှ သိရသည်။