Home သတင်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးစကားဝိုင်းသို့ NCA အပစ်ရပ်အဖွဲ့များတက်ရောက်နိုင်ရန် ဖိတ်ကြားထား

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးစကားဝိုင်းသို့ NCA အပစ်ရပ်အဖွဲ့များတက်ရောက်နိုင်ရန် ဖိတ်ကြားထား

865
Photo: NCA-EAOs

မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

လာမည့် မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ စစ်ကောင်စီက နေပြည်တော်တွင် ပြုလုပ်မည့် ၂၀၂၅- ငြိမ်းချမ်းရေးစကားဝိုင်း ၌ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA ချုပ်ဆိုထားသည့် အပစ်ရပ်အဖွဲ့ များ ကိုတက်ရောက်နိုင်ရန် ဖိတ်ကြားထားကြောင်း သိရသည်။

စစ်ကောင်စီ၏စည်းလုံးရေး၊ ငြိမ်းချမ်းရေးကော်မတီ-NSPNC မှ ဦးဆောင်ပြီး နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍ၊ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ နှစ်ခုဖြင့် ပြုလုပ်မည့် ငြိမ်းချမ်းရေးအမည်ခံစကားဝိုင်းတွင် ကရင်ငြိမ်း ချမ်းရေးကောင်စီ-KNU/KNLA-PC အပါအဝင် အပစ်ရပ် ၇ ဖွဲ့တို့ကို ဖိတ်ကြားထားသည်ဟု ယင်းအဖွဲ့များက ဆိုသည်။

KNU/KNLA-PC ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွှန့်က “ကျနော်တို့နိုင်ငံမှာ လေးနှစ်ကျော်ကြာ ကာလတစ်လျှောက် စစ်ရေးဘောင်ကပဲကျယ်ပြန့်နေတာ ငြိမ်းချမ်းရေးစကားဝိုင်း ကွယ်ပျောက်နေတာကြာပြီ။ အခုလိုပြန်ပေါ်လာတာက အဆိုးထဲကအကောင်းဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကြောင့်ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခအတွက် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ အဖြေရှာခြင်းက ထိခိုက်မှုအနည်းဆုံးဖြစ်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အပစ်ရပ်အဖွဲ့များအပြင် စစ်ကောင်စီဘက်မှအရာရှိကြီးများ၊ ငြိမ်းချမ်းရေးဖြစ်စဥ်၌ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခလျှော့ချနိုင်ရေးကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်သောကြောင့် မြန်မာ့ ငြိမ်းချမ်းရေးရှေ့ရောက်နိုင်သည့်အလားလာရှိကြောင်း စစ်ကောင်စီလက်အောက်ခံပါတီ၏ပြောကြားချက်အား စစ်တပ်ထိန်းချုပ်သည့်မီဒီယာကဖော်ပြသည်။

၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ပြင်ဆင်နေသည့်စစ်ကောင်စီက ပဋိပက္ခတွင် အဓိကပါဝင်နေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့်တကွ တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအင်အားစုများအား စေ့စပ်ညှိနှိုင်းကြိုးပမ်းရန် ဆော်ဩနေသော်လည်း အပစ်ရပ်ခြင်းအလျှင်းမရှိ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများလည်း ယနေ့ထိတိုင် လုပ်ဆောင်နေဆဲဖြစ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာမောင်ကျော်စွာက “ငြိမ်းချမ်းရေးလိုလားတယ်ဆိုရင် ငြိမ်းချမ်းရေး အထောက်ကူပြုမယ့်အချက်လိုတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံအဝှမ်းဗုံးကြဲတိုက်ခိုက်တာတွေ၊ ထိုးစစ်တွေကို ပထမဆုံးရပ်ပြစ်ရမယ်။ နောက်ပြီး နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်ပေးဖို့လိုတယ်။ ဒါတွေမရှိဘဲ အခုလိုလုပ်တာက ပြည်တွင်းပြည်ပကိုလှည့်စားဖို့သပ်သပ် ဟန်ပြလုပ်ပွဲတစ်ခုပဲ” ဟု သုံးသပ်သည်။

ဖိတ်ကြားခံထားရသည့် အပစ်ရပ်အဖွဲ့များအနေဖြင့် NCA-EAOs အဖြစ်ဖွဲ့ထားသည့်ကာလက စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ မကြာခဏပြုလုပ်လေ့ရှိသော်လည်း ၂၀၂၄ ခုနှစ် မတ်လက 7 EAOs Alliance အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး နောက်ပိုင်း ယခုလိုဆွေးနွေးပွဲတွင် ပါဝင်ခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။

7 EAOs Alliance ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရန်နှင့် သက်ဆိုင်သူများပါဝင်သည့် နိုင်ငံ ရေးဆွေးနွေးပွဲများဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည်။ ယင်းတွင် KNU/KNLA-PC နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ(RCSS), မွန်ပြည်သစ်ပါတီ(NMSP), ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP), ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO), လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU), ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်(DKBA) တို့ ပါဝင်သည်။