Home သတင်း ငလျင်ကြောင့် တောင်ငူတွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဝေဠုဝန်ကျောင်းတိုက်ပြိုကျ၍ အရေး‌ပေါ် ကယ်ဆယ်ရေး လုပ်‌ဆောင်နေ

ငလျင်ကြောင့် တောင်ငူတွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဝေဠုဝန်ကျောင်းတိုက်ပြိုကျ၍ အရေး‌ပေါ် ကယ်ဆယ်ရေး လုပ်‌ဆောင်နေ

1065

မတ်၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ယနေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်က မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးကို ဗဟိုပြုပြီး လှုပ်ခတ် သွားသည့် အင်အားပြင်းငလျင်ကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ဘေးရှောင်ကလေးငယ်များ ခိုလှုံ နေထိုင်သည့် ဝေဠုဝန်ကျောင်းတိုက် ပြိုကျသွားသဖြင့် ပိတ်မိနေသူများအား အရေး‌ပေါ် ကယ်ဆယ်ရေး ပြုလုပ်နေသည်ဟု ကနဦးသိရသည်။

ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ ပဋိပက္ခကြောင့် စစ်ဘေးရှောင်လာသူများ ခိုလှုံနေသည့် အဆိုပါဘုန်းကြီးကျောင်းတိုက်တွင် ငလျင်ကြောင့် ကျောင်းအဆောက်အဦးများပြိုကျခဲ့သဖြင့် စစ်ရှောင်ကလေးငယ် ၂၀ ခန့်ပိတ်မိနေသည်ဟု တောင်ငူမြို့အခြေစိုက် ပရဟိတအသင်းအဖွဲ့များက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

တောင်ငူမြို့တွင် ပရဟိတလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် Save the Trees Rescue Team ၏ တာဝန်ရှိသူ ကိုကျော်သူရက “တောင်ငူ ဝေဠုဝန်ကျောင်းပြိုကျပြီး စစ်ဘေးရှောင်ကလေး ၂၀ ကျော်ပိတ်မိနေ၍ ပရဟိတအသင်းများ အရေး‌ပေါ်ကယ်ဆယ်နေပါပြီ” ဟု ၎င်းက လူမှုကွန်ရက်တွင် ဆိုထားသည်။

ငလျင်ကြောင့် Save the Trees Rescue Team ၏ ရုံးလည်းပြိုကျပျက်စီးသွားသလို တောင်ငူ ဆေးရုံကြီးတွင်လည်း ငလျင်နောက်ဆက်တွဲကြောင့် အရေးပေါ်လူနာများဖြင့် ပြေးလွှား‌နေရကြောင်း ဆေးရုံကြီးတွင်ရှိနေသည့် သတင်းအရင်းအမြစ်က ပြောဆိုသည်။

ငလျင်လှုပ်ခတ်မှုမှာ မြန်မာနိုင်ငံ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့်အခြားမြို့ကြီးများတွင်ပါ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ငလျင်ကြောင့် တံတားပြိုကျခြင်း၊ လမ်းများပျက်ဆီးခြင်းနှင့် တိုက်အိမ်ပြိုကျခြင်းတို့ပါဖြစ်ပွားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင်ပါ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။