Home သတင်း ကရင်ဖြူခေါင်းဆောင် သတ်ဖြတ်ခံရမှု ကျူးလွန်သူများကို ဖော်ထုတ်အရေးယူမည်

ကရင်ဖြူခေါင်းဆောင် သတ်ဖြတ်ခံရမှု ကျူးလွန်သူများကို ဖော်ထုတ်အရေးယူမည်

633
Photo crd - NPT-PDF, CJ

မတ်လ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကယန်းပြည်သစ်တပ်မတော်က ကရင်ဖြူအမျိုးသားရေးတက်ကြွလှုပ်ရှားသူ၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပျဥ်း မနားစစ်ကြောင်းမှူး ကိုစိုင်း အသတ်ခံရသည့်ကိစ္စအပေါ် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်အရေးယူပြီး တော်လှန်ရေးအဖွဲ့အစည်းများသို့ ပွင့်လင်းမြင်သာစွာ ချပြသွားမည်ဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ၏အလယ်ပိုင်းတိုင်းစစ်ဒေသ နေပြည်တော်တိုင်းစစ်ဌာနဘက်က ကယန်းပြည်သစ်နှင့် မတ်လ(၁၈)ရက်နေ့က ပြုလုပ်ခဲ့သည့်အစည်းအဝေးအပြီး သဘောတူညီချက်ကို တင်ပြထုတ်ပြန်ရာတွင် ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။

မတ်လ(၃)ရက်နေ့ က ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး သိန်း ဟန်နှင့်တွေ့ဆုံဆွေးနွေးရန် လာရောက်ခေါ်ဆောင်ခဲ့ပြီးနောက် ကယန်းပြည်သစ်နယ်မြေအတွင်း သတ်ဖြတ်အလောင်းဖျောက်ခံထားရသည့် ကိုစိုင်းဖြစ်စဥ်နှင့်ပတ်သက်၍ မတ်လ(၁၃)ရက်နေ့မှ (၁၅)ရက်အတွင်း အကြောင်းပြန်ရန် နေပြည်တော်တိုင်းစစ်ဌာနဘက်က ဖြေရှင်းချက်တောင်းခဲ့သည်။

ထို့နောက် မဟာမိတ်အဖွဲ့များကြားဝင်စေ့စပ်မှုဖြင့် ကယန်းပြည်သစ်တပ်မတော်ရုံးစိုက်ရာနယ်မြေတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အမှုတွင်ပတ်သက်ကျူးလွန်သူများအား ဖော်ထုတ်အရေးယူ၍ ရှင်းလင်းသွားမည်ဖြစ်သည်ဟု သဘောတူညီချက်ကို နေပြည်တော်တိုင်းစစ်ဌာနဘက်က ထုတ်ပြန်ပြောဆိုသည်။

“အမြန်ဆုံးဖြေရှင်းချက်ထုတ်နိုင်တော့ အကုန်လုံးအတွက်အဆင်ပြေသွားတာပေါ့။ အဲ့ဒီနေ့ကအစည်းအဝေးမှာ တပ်မဟာ(၂)ကေအဲန်ယူဘက်ကရော၊ ကလလတ ရော၊ KNDF(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) နဲ့ ရှမ်းတောင် PDF, နေပြည်တော်PDF မဟာမိတ်တပ်တွေ အများကြီးပါဝင်ပေးကြတယ်လို့ သိရတယ်” ဟု အမှုမှန်ပေါ်ပေါက်ရေး စောင့်ကြည့်နေသည့် ကရင်ဖြူတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အစည်းအဝေး၌ ကယန်းပြည်သစ်တပ်မတော်ဘက်မှ ကိုစိုင်းကိုင်ဆောင်သည့် လက်နက်ငယ်နှင့် ပစ္စည်းများကိုလည်း ပြန်လည်အပ်နှံခဲ့ပြီး နောင်တွင်အလားတူဖြစ်ရပ်မျိုးမဖြစ်စေရေး ညှိနှိုင်းမှုနှင့် ယုံကြည်မှုတည်ဆောက်ရန်၊ နှစ်ဖက်အဖွဲ့ကြား လက်နက်ကိုင်ပဋိပက္ခမဖြစ်အောင် တာဝန်ယူကတိပြုရန်တို့ကိုလည်း သဘောတူခဲ့ကြသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကိုစိုင်း (ခေါ်) ကိုဝင်းလှိုင်ကိုသည် ပျဥ်းမနားအရှေ့တောင်တန်းဒေသ၌ ကရင်ဖြူစာပေ၊ ပညာရေးနှင့် အုပ်ချုပ်ရေးအတွက် တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တစ်ဦးဖြစ်သလို တောင်ပေါ်နယ် မြေဒေသ(၁၁)အုပ်စု၏ကရင်ဖြူရေးရာ ဥက္ကဌတာဝန်ယူထားသူလည်း ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများမှ သိရသည်။

သူအသတ်ခံရသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ ကယန်းနှင့်ကရင်ဖြူလူမျိုးရေးပြဿနာကြောင့်ဖြစ်သလို ပျဥ်းမနားစစ်ကြောင်းနှင့်ကယန်းပြည်သစ်တို့ နယ်မြေစစ်ဆင်ရှင်းလင်းရေး လုပ်ဆောင်ကြရာတွင် ကယန်းပြည်သစ်အဖွဲ့ဝင်တချို့ မိုင်းထိမှန်ပေါက်ကွဲ၍ ထိခိုက်သေဆုံးသည့်အပေါ် တုံ့ပြန်ခြင်း လည်းဖြစ်နိုင်ကြောင်း ကရင်-ကရင်နီအခြေစိုက် တော်လှန်ရေးသတင်းအရင်းအမြစ်က ရှင်းပြသည်။

Photo crd – NPT-PDF, CJ

မတ်လ(၃)ရက်နေ့က ကယန်းပြည်သစ်၏ တပ်စုမှူး တစ်ဦးသေဆုံးခဲ့ရသည့် မိုင်းပေါက်ကွဲမှုဖြစ်စဥ်မှာ ပျဥ်းမနားစစ်ကြောင်းထောင်ထားသော မိုင်းကြောင့်ဖြစ်သည်ဟု နီးစပ်သည့်တော်လှန်ရေး သတင်းအရင်းအမြစ်တချို့ကဆိုသော်လည်း ကိုစိုင်းနှင့်နီးစပ်သူ တပ်ဖွဲ့ဝင်တစ်ဦး၏ဖြေကြားချက်အရ ကေအိုင်စီအနေဖြင့် အတည်မပြုနိုင်ပါ။

ဖော်ပြပါနီးစပ်သူက “အဲဒါတော့ အတိအကျ မသိနိင်ပါဘူးဗျ။ စကစ ထောင်တာလည်းဖြစ်နိုင်တယ်။ ကေအဲန်ယူလက်အောက်ခံ သံတောင်မြောက်ပိုင်း အထူးဒေသက အဖူးဦးကိုကြီးရဲ့ စစ်ရေးလုပ်ရှားနယ် မြေဖြစ်တော့ မိုင်းထောင်ခွင့်တော့ မပြုဘူးသိရတယ်။ ရန်သူကို စောင့်ပြီး ဆွဲတဲ့မိုင်းမျိုးပဲ အသုံးပြုကြတာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ နှစ်ဖက်ဆွေးနွေးပွဲ၏ထုတ်ပြန်ချက်တွင်လည်း ထိုအချက်ကိုတိတိကျကျ ပြောဆိုထားခြင်းမရှိသလို စစ်မြေပြင်တွင်ဝင်ရောက်ရှင်းလင်းရင်း မတော်တဆမိုင်းနင်းမိခြင်းဖြစ်ကြောင်း သာ နေပြည်တော်စစ်ဌာနက ဖော်ပြထားသည်။

ကယန်းအမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကယန်းပြည်သစ်တပ်မတော်သည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၌ ဌာနချုပ်အနေဖြင့်အထိုင်ချလှုပ်ရှား၍ ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်လည်း လှုပ်ရှားမှုရှိသည်။

NUG အလယ်ပိုင်းတိုင်းစစ်ဒေသအတွင်း ပါဝင်သည့် နေပြည်တော်တိုင်းစစ်ဌာနမှာ KNDF အခြေစိုက်သည့် ကရင်နီအတွင်းပိုင်းဒေသများတွင် စစ်ရေးလှုပ်ရှားလျက်ရှိသည်။

အလားတူ KNDF တပ်ရင်း ၂၉ တပ်ခွဲ ၁ မှ ကရင်ဖြူတပ်ဖွဲ့ဝင်များကလည်း ၎င်းတို့အမျိုးသားရေးခေါင်းဆောင်၊ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး သတ်ဖြတ်ခံရသည့်အပေါ် တရားမျှတမှုနှင့် ကျူးလွန်သူများ တာဝန်ယူတာဝန်ခံမှုရှိရန် ယမန်နေ့က ရုပ်သံဖိုင်လွှင့်တင်၍ တောင်းဆိုခဲ့ကြသေးသည်။