
မတ်လ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇)ဌာနချုပ်နေရာသို့ ယနေ့နံနက်ပိုင်းက ဒရုန်း(၃)လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး လူပုဂ္ဂိုလ်နှင့်အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိကြောင်း ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက အတည်ပြုပြောသည်။
ယနေ့နံနက် ထိုင်းစံတော်ချိန် ၃ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၁ မိနစ်တစ်ကြိမ်၊ ၄ နာရီ ၁၄ မိနစ် တစ်ကြိမ် စုစုပေါင်း ဒရုန်း(၃)ကြိမ်၊ တပ်မဟာ(၇)ဌာနချုပ်အခြေစိုက်သည့် ဌာနဆိုင်ရာရုံးနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ပဒိုစောအောင်မော်အေးက ဆိုသည်။
“အိမ်ခေါင်မိုးသွပ်ပြား နည်းနည်းပါးပါးလောက်ပဲထိတယ်။ ကျန်တဲ့လူအထိအခိုက်မရှိဘူးနော်။ ဒရုန်း ၃ ခုလုံးလာတဲ့လမ်းကြောင်းကတော့အတူတူပဲ၊ စစ်ရေးစစ်ရာကာလဆိုတော့ ကျနော်တို့ကရန်သူကို တိုက်ခိုက်သလို ရန်သူဘက်ကလည်း ကျနော်တို့ကိုလုပ်ကြံတာမျိုးရှိမှာပဲ ဒီသဘောပေါ့။ ကျနော်တို့ တပ်ဖွဲ့တွေကတော့ လုပ်စရာရှိတာဆက်လုပ်မှာပဲ” ဟု ပဒိုစောအောင်မောအေးက ကေအိုင်စီသို့ အတည်ပြုပြောသည်။
ဒရုန်း ၃ လုံးလာရာလမ်းကြောင်းအရ ဖားအံခရိုင်နယ်မြေ၊ လှိုင်းဘွဲမြို့နယ်ရှိ ရှမ်းရွာသစ်မြို့ဘက်မှ လွှတ်တင်တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ခရိုင်ဥက္ကဋ္ဌဖြည့်စွက်ပြောပြသည်။
၁၀ မိနစ်ဝန်းကျင်ခန့်ခြား၍ ဒရုန်း(၃)လုံးဆက်တိုက်ကျရောက်ပေါက်ကွဲပြီး ပေါက်ကွဲမှု အားပြင်းထန်သောကြောင့် ၎င်းပတ်ဝန်းကျင်ရှိ လူထုစိုးရိမ်ထိတ်လန့်ကာ နေအိမ်ပေါ်မှတိမ်းရှောင်နေထိုင်ခဲ့ရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ယင်းအနီးတဝိုက်နေ ဒေသခံတစ်ဦးက “ကျမတို့ကဆိုင်ဖွင့်ဖို့ရှိတော့ အစောကြီးနိုးနေကျပဲ။ ဝှီး၊ ဝှီးနဲ့ ဒရုန်းသံကြားပြီး ချတော့မယ်ဟဆို သိပ်မကြာဘူး အုန်းခနဲကြားလိုက်ရတယ်။ ဘယ်သူမှမထိခိုက်ဘူးလို့တော့သိရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဌာနချုပ်နေရာအနီးသို့ အသေခံဒရုန်း(ကာမီကာဇေ) ၂ လုံးနှင့်အခြားနေရာ၌ ၂ လုံးကျ ရောက်ပေါက်ကွဲခဲ့ပြီး ကရင်အမျိုးသားတော်လှန်ရေးနေ့၊ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း တပ်မဟာဌာနချုပ်နေရာ၌ ကာမီကာဇေ နောက်ထပ် ၂ လုံးထပ်မံတိုက်ခိုက်ခံခဲ့ရသေးသည်။
၂၀၂၄ ခုနှစ်အတွင်းမှစကာ တပ်မဟာ(၇)နယ်မြေတွင် စစ်ရေးလှုပ်ရှားမှုများဖြစ်လာသလို ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏တပ်စခန်းကို KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ပြီးနောက်ပိုင်း လုံခြုံရေးအထူးသတိထားရသည့် အနေအထားဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။