Home သတင်း အောင်ဇေယျစစ်ကြောင်းများ မြေမြှုပ်မိုင်းထောင်ထားခဲ့သဖြင့် ဒေသခံများ မိုင်းသတိပြုရန် KNLA ပူးပေါင်းတပ် သတိပေး

အောင်ဇေယျစစ်ကြောင်းများ မြေမြှုပ်မိုင်းထောင်ထားခဲ့သဖြင့် ဒေသခံများ မိုင်းသတိပြုရန် KNLA ပူးပေါင်းတပ် သတိပေး

655
Photo -Social Media

မတ်လ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ရန် လအတန်ကြာ ထိုးစစ်ဆင်လာသော စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်များ စစ်ကြောင်းလှုပ်ရှား တိုက်ခိုက်ရာနေရာတိုင်းတွင် မြေမြှုပ်မိုင်းအများ အပြား ထောင်ထားသည့်အတွက် မိုင်းသတိထားကြရန် ဒေသခံများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သတိပေးပြောဆိုလိုက်သည်။

လက်ရှိ နေ့စဉ်တိုက်ပွဲဆက်ဖြစ်နေသည့် ကော့ကရိတ်မြို့ပြင်နှင့် အာရှလမ်း သစ်နေရာများဘက်သို့ ထိုးစစ်ဆင် လာသော စစ်ကောင်စီတပ်များသည် အထိနာကျဆုံးမှုများနှင့် လက်နက်ချအညံ့ခံပူးပေါင်းမှုတို့ကြောင့်စစ်ကြောင်းနောက်ပြန်ဆုတ်ခဲ့ကြရသည်။

ထိုသို့ ပြန်ဆုတ်ခဲ့ရာ လမ်းတစ်လျှောက်နေရာများတွင် မြေမြှုပ်မိုင်းအများ အပြား ထောင်ထားခဲ့ သည်ကိုတွေ့ရှိရှင်းလင်းနေရသည့်အတွက် မြို့ဝင် မြို့ထွက် ၊ ရွာဝင်ရွာထွက် တောင်ယာတက်မည့် ဒေသခံများအား မိုင်းသတိရှိရှိဖြင့် သတိထားသွားလာရန် အသိပေးထားကြောင်း KNLA ပူးပေါင်း စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “KNLA မဟာမိတ် ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူက စကစက တောင်ပေါ်မှာ ဖြတ်တိုက်ခံရတယ်၊ သေတယ်ထိတယ်။ အရှင်မိတာတွေရှိတယ်။ သူတို့တပ်လန်ပြီး ပြန်ဆုတ်ရင်လိုက်ပြီး တိုက်မရအောင် မြေမြှုပ်မိုင်းတွေ ထောင်ချန်ခဲ့တယ်။ ဖော်ရတာ အလုံးရာချီတယ်။ သူတို့စစ်ကတုတ်တို့တပ်ရင်းတို့ပတ်ချာ လည်းမှာလည်း မိုင်းကွင်းတွေ ထောင်ထားတယ်။ ရွာဝင်ရွာထွက် ရွာသားတွေ ခြံသွားဘာသွားဆို ထိတာရှိတယ် ။ ကိုယ့်ဘက်က ရဲဘော်လည်းထိတာရှိတယ်။ အဲ့တာသတိထားဖို့‌‌တော့ပြောရတယ် ” ဟု ပြောသည်။

ယခု မတ်လ ၁၅ ရက်နောက်ပိုင်းတွင် စစ်ကောင်စီတပ်များ နောက်တန်းကွပ်ကဲရေးစခန်းချထားသည့် တတန် ကူးရွာ ရွှေကြက်မင်းဘုန်းကြီး ကျောင်းနေရာအား KNLA မဟာမိတ်တပ်များ ဝိုင်းပတ်ပိတ်ဆို့ပြီး အနီးကပ် တိုက်ပွဲ ပြင်းထန် နေဆဲအခြေအနေဖြစ်‌နေကြောင်း စစ်ရေး သတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။

“ စကစက မြို့ကိုပတ်ပြီး စစ်ကြောင်းပြန်ပတ်တာမှာ ရန်ကုတ်ကလည်းပိတ်တိုက်၊ ကော့နွဲကလည်း ပိတ်တိုက်၊ တတန်ကူး ရွှေကြက်မင်းကို ဆင်ကုန်းတို့ ရွာသစ်တို့ကနေလည်း စစ်ကူဖြတ်ဝင်လို့မရဖြစ်နေတယ်၊ စကစ ကဒရုန်းကြဲတယ်။ စကခ ၁၂ ကနေ ရော့ကက်လက်နက်ကြီး လေးလုံးတွဲတွေပစ်တယ်။ တောင်ပေါ်က ပြန်ဆုတ်တဲ့အောင်ဇေယျစစ်ကြောင်းလည်း ပစ်ခံထိနေတာကြားမှာ ပိတ်မိနေတယ်”ဟု ကော့ကရိတ် မြောက်ပိုင်းဘက်ရှိ KNLA မဟာမိတ် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

အလားတူ ကျုံဒိုး၊ ကိုးတိုင် နှင့် တောင်ကြာအင်း လမ်းပိုင် များဘက်တွင်လည်း စစ်ရေး လှုပ်ရှားနေသော၊ စစ်ကောင်စီတပ်စစ်ကြာင်းများ၊ ကျုံဒိုးအခြေစိုက် စစ်ကောင်စီတပ်ရင်းများ၊ ရဲကင်းကတုတ်၊ စစ်ကင်းကတုတ် များပတ်ချာလည်တွင် မြေမြှုပ်မိုင်း၊ တိုက်မိုင်း၊ ပဒေသာ မိုင်းများ တပ်ဆင်ထောင်ထားမှုများရှိနေကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် ဒေသခံများပြောဆိုချက်အရ သိရသည်။