Home သတင်း လောင်းလုံး လက်ခတ်တောင် တာဝါတိုင် စခန်းမှ လက်နက်တစ်ချို့ ပူးပေါင်းတပ် သိမ်းယူ

လောင်းလုံး လက်ခတ်တောင် တာဝါတိုင် စခန်းမှ လက်နက်တစ်ချို့ ပူးပေါင်းတပ် သိမ်းယူ

843
Photo: ဒူရကစစ်ကြောင်း

မတ် ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ လက်နက်တစ်ချို့ သိမ်းယူနိုင်ခဲ့သည်ဟု ရေဖြူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်- YPPDF က ထုတ်ပြန်ပြောသည်။

အဆိုပါ လက်ခတ်တောင်တပ်စခန်းကို ပြီးခဲ့သည့်မတ် ၁၃ ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင်အချိန်တွင် ဒေသ အခြေ စိုက်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူဖြင့် ခုခံခဲ့ရာ တော်လှန်ရေးတပ်များ ပြန်လည် ဆုတ်ခွာခဲ့ရသည်။

၆ နာရီကြာ နှစ်ဖက်ပစ်ခတ်တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးသွားသည်ဟု ရေဖြူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကောင်စီထံမှ M3 သေနတ်တစ်လက်၊ ကျဉ်ဘောက် ၉ ခုနှင့် လက်ပစ်ဗုံး ၂ လုံး နှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့သည်ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

Photo: ဒူရကစစ်ကြောင်း

အဆိုပါ စစ်ဆင်ရေးကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)မှ ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF) နှင့် ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်းနှင့် T5 တပ်ရင်း တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယခုလို နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးသည်ဟု တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒူရက စစ်ကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးသွားသည်ဟု ကနဦး သိရသည်။

လက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်း တော်လှန်ရေးတပ်များက စစ်ရေးအရှိန်မြင့် တိုက်ခိုက်သွားရန်ရှိပြီး ဒေသခံပြည်သူများ စစ်ရေးသတိပြုနေထိုင် သွားလာရန် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန် သတိပေးထားသည်။