Home သတင်း လူကုန်ကူးခံရသူ ၄၀၀ ကျော်ကို ရေရှည်လက်ခံထားရေးခက်ခဲသဖြင့် အမြန်ဆုံးခေါ်ဆောင်ပေးကြရန် DKBA ထပ်မံတိုက်တွန်း

လူကုန်ကူးခံရသူ ၄၀၀ ကျော်ကို ရေရှည်လက်ခံထားရေးခက်ခဲသဖြင့် အမြန်ဆုံးခေါ်ဆောင်ပေးကြရန် DKBA ထပ်မံတိုက်တွန်း

582

မတ်လ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နယ်မြေ ထိုင်း-မြန်မာနယ်စပ်၌ လူကုန်ကူး ခံရမှုမှ ကယ်ထုတ်ထားသည့် လူပေါင်း ၄၄၃ ဦးအား ရေရှည်လက်ခံထားရန် ခက်ခဲသောကြောင့် သက်ဆိုင်ရာမှ အမြန်ဆုံး ခေါ်ဆောင်ပေးကြရန် DKBA ဘက်က ယမန်နေ့(မတ်လ ၅ရက်)နေ့ သတင်းစာရှင်းလင်းပွဲတွင် ထပ်မံတိုက်တွန်းသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက လူကုန်ကူးခံရသူ ၂၆၁ ဦးအား DKBA က ပထမအသုတ်အဖြစ် ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးလိုက်ပြီးနောက် ရှင်းလင်းရေးဆက်လက်လုပ်ဆောင်ခဲ့ပြီး ယမန်နေ့ကအထိ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ နောက်ထပ်လူပေါင်း ၄၄၃ ဦးအား ထပ်မံကယ်ထုတ် လက်ခံထားခြင်းဖြစ်သည်။

ထိုလူ ၄၀၀ ကျော်ကို ထိုင်းဘက်က လွှဲပြောင်းယူရန် လက်မခံသေးသလို စစ်ကောင်စီလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးမှတဆင့် အပ်နှံရာ၌လည်း အဆင်မပြေသောကြောင့် ၎င်းတို့ကို ရေရှည်လက်ခံထားရေး အခက်အခဲရှိနေသည်။ ထို့ကြောင့် သက်ဆိုင်ရာမှ အမြန်ဆုံးခေါ်ဆောင်ကြရန် DKBA စစ်ဦးစီးချုပ်အရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းသည်။

“ကိုယ့်နည်းကိုယ်ဟန်နဲ့ပြန်ခေါ်ကြရင်တော့ပိုမြန်တာပေါ့။ ထိုင်းကိုပြန်ပို့တော့ ထိုင်းကလက်မခံ။ စစ်အစိုးရ ကလည်း ဥပဒေအရ လဝက ကနေအပ်ဆိုတော့။ အခုဒီလိုပြောတာလည်း နေပြည်တော်မှာ နေတဲ့လူတွေက ကျနော်တို့ကို စကားနားမထောင်ဘူးဆိုပြီး လေယာဥ်ပျံနဲ့ လာပစ်မှာလည်းကြောက် တယ်။ ဒါပေမဲ့ ဒီလူတွေကိုလာမခေါ်ဘူးဆိုရင်တော့ ကျွေးစရာဆန်လည်းမရှိ၊ ဝယ်ရတာလည်း မလွယ်တော့ လက်ခံထားလို့ မလွယ်တော့ဘူး။” ဟု ဗိုလ်ချုပ်စောဆန်းအောင်က ပြောသည်။

ထိုင်းနိုင်ငံဘက်ကလည်း ကျားဖြန့်နှင့်လူကုန်ကူးခံရမှုများကိစ္စများဖြင့် မြဝတီအပါအဝင် မြန်မာ ဘက်ခြမ်းက ၅ နေရာကို လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီ စီးဆင်းမှုဖြတ်တောက်ပြီး ဖိအား ပေးခဲ့ခြင်းကြောင့် DKBA အပါအဝင် နယ်ခြားစောင့်တပ်-BGF တို့က ကျားဖြန့်ရှင်းလင်းရေးများကို ပြီးခဲ့ သည့် ဖေဖော်ဝါရီလမှစ အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

DKBA အနေဖြင့်လည်း လာမည့် ၃ လအတွင်း ၎င်းတို့နယ်မြေ၌ ကျားဖြန့်ကင်း စင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ တတိယအပတ်၏ ကေအိုင်စီ-ကရင်သတင်းဌာန နှင့်အင်တာဗျူးတွင် ဖြေကြားခဲ့ဖူးသည်။

ဗိုလ်ချုပ်စောဆန်းအောင်က ဆက်လက်၍ “စစ်သားဘဝ စစ်တိုက်တုန်းကတောင် ဒီလောက်မခက်ခဲဘူး။ ကျနော်တို့အချင်းချင်းဆို ထားတဲ့နေရာ နေတတ်စားတတ်တယ်။ ဒီလူတွေက စားမတတ်ဘူး။ ကျနော် တို့က သစ်တုံးပေါ်မှာချေး(ချီး)ပါတတ်တယ်။ သူတို့ကပါမတတ်ဘူး။ ပိုဆိုးတာက လူစာရင်းပြုစုပြီး တဲ့အချိန် ထိုင်းဘက်ကိုလွှဲတဲ့အချိန်မှာ နေဦး၊ အလှည့်မကျသေးဘူးဆိုတော့ ဆီ(လောင် စာဆီ)သွားတန်းဆီရတဲ့ လူလိုဖြစ်နေတယ်။ ဗိုလ်မှူးချုပ် စိုင်းကျော်လှက ၃ လနဲ့ရှင်း ထုတ်ဖို့ပြောထားတယ်ဆိုပေမယ့် ဒီတစ်သုတ်တောင်ကြာနေတာ။ ကျနော်ထင်တယ် သူလည်း မျက်ရည်ဘူးသီးလုံးလောက်ကျမယ်။” ဟု သတင်းစာရှင်းလင်းပွဲတွင် ဆက်လက်ပြောဆိုသည်။

DKBA ကယ်ထုတ်ထားသည့် လူကုန်ကူးခံရသူများကို ပြန်လည်လွှဲပြောင်းရာတွင် ထိုင်းနိုင်ငံဘက်က ကျောက်ခက်နယ်စပ်လမ်းကြောင်းမှတဆင့် အပ်ရန် အချင်းချင်း ပြောဆိုမှုရှိထားပြီး စစ်ကောင်စီ ဘက်ကလည်း မြဝတီဘက်မှ လူဝင်မှုကြီးကြပ်ရေးမှတဆင့် အပ်ရေး DKBA ကို ဖိအားပေးမှုရှိသည်ဟု သိရသည်။

၎င်းအပြင် မြဝတီဒေသကို ထိုင်းနိုင်ငံက ဖြတ်တောက်ပိတ်ဆို့မှု လုပ်ဆောင်လာသည်မှာ လနှင့်ချီကြာ မြင့်နေပြီဖြစ်သောကြောင့် လူကုန်ကူးခံရသူများလက်ခံထားသည့် DKBA အပါအဝင် BGF ဘက်၌လည်း လူအများ စားသောက်နေထိုင်ရေး ရေရှည်လက်ခံဖြေရှင်းပေးရန် အခက်အခဲရှိနေသည်ဟု တာဝန်ရှိသူတို့က ဆိုသည်။

BGF အနေဖြင့် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ လွှဲပြောင်းပေးရမည့် နိုင်ငံခြားသား ၇၀၀၀ ကျော်ရှိနေသည့်အနက် ယမန်နေ့ကအထိ စုစုပေါင်း ၇၅၇ ဦးအား လွှဲပြောင်းပေးလိုက်ပြီးဖြစ်ကြောင်း သိရသည်။ မတ်လ ၆ ရက်နေ့ ယနေ့တွင်လည်း ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂)မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ လူကုန်ကူးခံရသူ ၄၅၆ ဦးအား ထပ်မံလွှဲပြောင်းပေးခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

ထို့အတူ မတ်လ(၇)ရက်နေ့မှ (၉)ရက်အတွင်း လူကုန်ကူးခံရသူများကို ထိုင်းနိုင်ငံမှတဆင့် ဆက်တိုက်လွှဲပြောင်းပေးသွားဦးမည်ဖြစ်ပြီး ကျန်ရှိနေသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံတို့မှ အမြန်ခေါ်ယူကြရန်လည်း BGF က အသိပေးထားသည်။