မတ်လ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ရှိ ရထိုက်ဟိုတယ်အပေါ်ဆုံးထပ်တွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ခဲ့သော်လည်း လူနှင့်ပစ္စည်းအဆောက်အအုံ ထိခိုက်မှုအကြီးစားမရှိကြောင်း ရွှေကုက္ကိုမြို့တွင်းသတင်းအရင်းအမြစ်မှ သိရသည်။
နယ်ခြားစောင့်တပ်-BGF နယ်မြေ ရွှေကုက္ကိုမြို့သစ်အတွင်းရှိ ရထိုက်ဟိုတယ်၌ အပူချိန်လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုမရှိဟု BGF တပ်မှူးတစ်ဦးက ပြောသည်။
“မိနစ် ၂၀ လောက်ပါပဲ ချက်ပြုတ်နေရာကနေ ဝါယာကြိုးတွေနားကပ်မိတော့ လောင်တာ ပေါ့ဆမီးပေါ့။ ဘာမှကြီးကြီးမားမား ထိခိုက်ပျက်စီးတာတော့မရှိပါဘူး။ ဟိုတယ်အပေါ်ဆုံးထပ်အခန်းမှာဖြစ်တာပါ။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ဟိုတယ်အပေါ်ဆုံးထပ်၌ KTV ခန်းမရှိသလို KTV တွင် မီးလောင်မှုဖြစ်ပွားခြင်းလည်းမဟုတ်ကြောင်း ၎င်းက ငြင်းဆိုထားပြီး မီးသတ်ကားများ အချိန်မီရောက်ရှိ မီးငြိမ်းသတ်နိုင်ခဲ့သည်ဟုလည်း BGF သတင်းအရင်းအမြစ်မှ သိရသည်။
ရထိုက်ဟိုတယ်သည် မြဝတီမြို့နှင့်မြောက်ဘက် ဆယ်မိုင်အကွာရှိ နယ်ခြားစောင့်တပ်-BGF နှင့် ဟောင်ကောင်တွင်မှတ်ပုံတင်ထားသည့် တရုတ်ကုမ္ပဏီ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စုတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်ကြသော ရွှေကုက္ကိုမြို့သစ်အတွင်း တည်ရှိသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာအဆင့်မီလုပ်ငန်းများ တည်ဆောက်ရန်ဟုဆိုကာ တရုတ် အပါအဝင် စစ်ကောင်စီအရာရှိများ၊ ယခင်အစိုးရအဖွဲ့ဝင်တချို့နှင့် နယ်စပ်လက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်ခဲ့သည့် အဆိုပါရွှေကုက္ကိုမြို့သစ်မှာ လတ်တလောတွင် အွန်လိုင်းငွေလိမ်လောင်းကစားနှင့် လူမှောင်ခို၊ လူကုန်ကူးမှုလုပ်ငန်းများကြောင့်အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအကြား နာမည်ဆိုးဖြင့် လူသိပိုများလျက်ရှိသည်။



















