Home သတင်း ရေဖြူတွင် လမ်းကင်းစောင့်မည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ ဗိုလ်မှူးအဆင့်တစ်ဦးသေဆုံး

ရေဖြူတွင် လမ်းကင်းစောင့်မည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ ဗိုလ်မှူးအဆင့်တစ်ဦးသေဆုံး

739

မတ်၂၅ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ် လမ်းကင်းယူနေသည့် စစ်ကောင်စီတပ် ကို ဒေသတွင်းရှိ တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအဆင့်တစ်ဦးသေဆုံးပြီး လက်နက်ကြီး လက်နက်ငယ်များ သိမ်းဆည်း ရမိခဲ့သည်ဟု ဒူရက စစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းကင်းယူရန် ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို ရေဖြူမြို့နယ်၊ ညင်းထွေး ရွာနှင့် ကျောက်ကညှာရွာကြား၌ မတ် ၂၄ ရက်နေ့၊ နံနက် ၉ နာရီ ဝန်းကျင်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ဒူရက စစ်ကြောင်း တာဝန်ရှိသူက ယခုလို ပြောသည်။

“လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ဗိုလ်မှူးအဆင့်ရှိတဲ့သူ တစ်ယောက် သေဆုံးခဲ့တယ်။ ပြီးတော့ စစ်တပ်ရဲ့လက်နက်ကြီး လက်နက်ငယ်တချို့သိမ်းဆည်းရမိ ခဲ့ပါတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီထံမှ RPG 7 (၁)လက်၊ MA4 (၁)လက်၊ MA3(၁)လက်၊ MA1(၂)လက် နှင့်စစ်တပ် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု အဆိုပါ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆင်ရေးကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၏ ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)တို့မှ ပူးပေါင်းပါဝင်ခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လုံခြုံရေးပြန်လည်တိုးမြှင့်ထားသည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်၂၂ ရက်နေ့တွင် ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရား အဝင်မုဒ်ဝ၌ တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးခဲ့သည်ဟု ဒူရက စစ်ကြောင်းက ထုတ်ပြန်ထားသည်။