Home သတင်း နယ်စပ်တွင် ဖမ်းမိ မူးယစ်ဆေးဝါးများနှင့် မပတ်သက်ဟု DKBA ဗိုလ်ချုပ် ငြင်းဆို

နယ်စပ်တွင် ဖမ်းမိ မူးယစ်ဆေးဝါးများနှင့် မပတ်သက်ဟု DKBA ဗိုလ်ချုပ် ငြင်းဆို

1160
Photo-The Nation

မတ် ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်တွင် မတ် ၂၁ ရက်နေ့က ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်သည်ဟု စွတ်စွဲ ပြောဆိုနေမှုများသည် မဟုတ်မမှန်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ဗိုလ်ချုပ် စောဆန်းအောင်က ငြင်းဆို ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို မတ်လ ၂၁ ရက် နေ့လယ်ပိုင်းတွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှ ကုန်တင်ကားဖြင့် တင်ဆောင်လာခြင်းဖြစ်ပြီး၊ နခွန်စဝမ်မြို့၊ ဟိုက်ဝေးလမ်းမကြီးပေါ်အရောက်၌ ထိုင်းရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး တာဝန်ထမ်းဆောင်နေစဉ် တားစီးစစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မြန်မာနိုင်ငံဘက်မှ ထိုင်းကုန်တင်ယာဥ်ဖြင့် မူးယစ်ဆေးဝါးအမြောက်အများ သယ်ဆောင်မှုတွင် DKBA ဘက်မှ စစ်ဦးစီးအရာရှိ ဗိုလ်ချုပ် စောဆန်းအောင်နှင့် ဗိုလ်မှူးချုပ် စိုင်းကျော်လှတို့ ပါဝင်ခဲ့သည်ဟု ထိုင်းမီဒီယာများ၏ ဖော်ပြချက်များသည် မဟုတ်မမှန်စွပ်စွဲချက်သာဖြစ်ပြီး မိမိတို့ တပ်ဖွဲ့ဝင်များ ပါဝင်မှုရှိ၊ မရှိအပေါ်စုံစမ်းစစ်ဆေးသွားမည်ဟု ဗိုလ်ချုပ်စောဆန်းအောင်က ယခုလို ပြောသည်။

Photo-The Nation

“ထိုင်းသတင်းဘက်က သူတို့ နာမည်တပ်ရေးတာပါ။ ဒီကိစ္စနဲ့ ပါတ်သက်ပီး ကျနော်တို့လည်း မသိဘူး။ လုပ် မတတ်သလို နားလည်း မလည်ဘူး။ ကျနော် ဒီလိုမျိုးတွေလုပ်ရင် သူဌေးဖြစ်တာကြာပြီပေါ့။ ဒါပေမဲ့ အဖွဲ့ အစည်းထဲကလူတွေ ပါဝင်ပါတ်သက်မှုရှိမရှိ လုပ်မလုပ် ပြန်စစ်ဆေးမယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးရရှိသည့် ကုန်တင်ကားပေါ်၌ စိတ်ကြွဆေးပြား (၁၈) သန်း အပါအဝင် (ICE) ရေခဲမူးယစ် ဆေး (၇၅၀) ကီလိုဂရမ်နှင့် Ketamine (၃၀၀) ကီလိုဂရမ်တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ထိုင်းသတင်း များတွင် ဖော်ပြထားသည်။

ထိုသို့ မြန်မာနိုင်ငံမှ မူးယစ်ဆေးအကြီးစားပမာဏ မှောင်ခိုကူးသန်းမှုကို ရှာဖွေ ဖမ်းဆီးခဲ့ပြီးတဲ့နောက် တာ့ခ် ခရိုင် အကြီးအကဲ အုပ်ချုပ်ရေးဘက်က ထိုင်း-မြန်မာနယ်စပ်ရှိ ဂိတ်တစ်ခုကို ကုန်စည် တင်ပို့ခွင့်နဲ့ တင်သွင်းခွင့် ကန့်သတ် လိုက်သည်ဟု မတ် ၂၂ ရက်နေ့က အမိန့်ထုတ်ပြန် ခဲ့သည်။

ထို့အပြင် တွဲကားနှင့် ကုန်ကားကြီးများကို မြဝတီဘက်သို့ ကမ်းကူးပေးခြင်းများ ကန့်သတ်ခံလိုက်ရပြီး ဂိတ် အတွင်း ပစ္စည်းသယ်ယူလျှင် လှေ နှင့်ဖောင်များကိုသာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။