Home သတင်း တပ်မဟာ ၂ နယ်မြေရှိ သပြေညွန့် စခန်းကို သိမ်းပိုက်ရရှိဟု KNLA အတည်ပြု

တပ်မဟာ ၂ နယ်မြေရှိ သပြေညွန့် စခန်းကို သိမ်းပိုက်ရရှိဟု KNLA အတည်ပြု

680

မတ် ၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၂ ထိန်းချုပ်နယ်မြေ၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ သပြေညွန့် စခန်းကို မတ် ၈ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLA ဌာနချုပ်က အတည်ပြု ထုတ်ပြန်ပြောသည်။

“စစ်ကောင်စီတပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ သပြေညွန့်တပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီး မတ် ၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု KNLA ဗဟိုဌာနချုပ်၊ တာဝန်ရှိသူက ပြောဆိုသည်။

စစ်ကောင်စီ သပြေညွန့် စခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက မတ် ၆ ရက်နေ့ မှစ၍ တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းမှ ဗုံးကြဲကာ စခန်းမကျရေး ခုခံခဲ့သော်လည်း မတ် ၈ ရက်နေ့ နံနက်ပိုင်း တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ကျည်ဆံများ သိမ်းဆည်း ရရှိ ခဲ့ပြီး စစ်ကောင်စီတပ်သားများ ကျဆုံးခဲ့ပြီး အချို့မှ ထွက်ပြေးသွားခဲ့သည်။ သိမ်းဆည်းရရှိသည့် လက်နက်၊ ခဲယမ်း များစာရင်းကိုမူ စိစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

“အခုကျမတို့တွေ တိမ်းရှောင်နေရတယ်။ အဓိကတော့ အဲဒီစခန်းသိမ်းတိုက်ပွဲကနေ ဒီဘက်ကူးလာမှာ စိုးလို့။ စခန်းတော့ သေချာသိမ်းပြီးလား တော့မသိရသေးဘူး။ ဒါပေမယ့် ဒီနေ့အထိတော့လက်နက်ကြီးသံ တစ်ချက် တချက် ကြားနေရသေးတယ်” ဟု သပြေညွန့် ကျေးရွာအနီးရှိ ဒေသခံတဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ သပြေညွန့် စခန်းသည် ကေအဲန်ယူ၊ တော်အူး (တောင်ငူ) ခရိုင်၊ သံတောင်ကြီးမြို့နယ်နှင့် ပဲခူးတိုင်း ထန်းတပင်မြို့နယ် အစပ်တွင် တည်ရှိပြီး စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၇၃) တပ်ဖွဲ့ဝင်များ စခန်းချထား ခြင်းဖြစ်သည်။

ထို့အပြင် ယနေ့ မတ် ၉ ရက်နေ့တွင် ကေအဲန်ယူ၊ တော်အူး (တောင်ငူ) ခရိုင် ထောတထူ(ထန်းတစ်ပင်) ရေသုတ်ကြီး စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များ နောစိုးစစ်ကောင်စီတပ်စခန်းသို့ လက်နက်ခဲယမ်းများ သွားရောက် ပို့ဆောင်စဉ် ခူလောင်ကျေးရွာအနီးဝန်းကျင်တွင် KNLA ၊KNDO၊ PDF ပူးပေါင်းတပ်တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။