Home သတင်း ခလယ်ဒေးစခန်းတဝိုက် လေကြောင်းဖြင့် ဗုံးအလုံးရေ ၂၀ ကျော် စစ်ကောင်စီ တိုက်ခိုက်၊ ဒေသခံရွာသားများ ထိုင်းဘက် စစ်ဘေးရှောင်

ခလယ်ဒေးစခန်းတဝိုက် လေကြောင်းဖြင့် ဗုံးအလုံးရေ ၂၀ ကျော် စစ်ကောင်စီ တိုက်ခိုက်၊ ဒေသခံရွာသားများ ထိုင်းဘက် စစ်ဘေးရှောင်

739

မတ်လ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ခလယ် ဒေးစစ်ကောင်စီတပ်စခန်းအနီးတဝိုက်သို့ ယနေ့တစ်မနက်အတွင်း လေကြောင်းဖြင့် ဗုံးအလုံးရေ ၂၀ ကျော် စစ်တပ်က ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်၏ ပိတ်ဆို့မှုခံထားရသည့် ကေအဲန်ယူ ဌာနချုပ်နှင့်အနီးဆုံး ခလယ်ဒေးရွာအခြေစိုက်စခန်းအတွက် စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် Y-12 အမျိုးအစား လေယာဥ်များ အသုံးပြု၍ တပ်ကူပေးခဲ့ခြင်းလည်းဖြစ်သည်။

စစ်တပ်က ယနေ့ နံနက် ၁၁ နာရီဝန်းကျင်မှစတင်၍ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ပေါက်ကွဲ အားပြင်းထန်သည့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် Y-12 ဖြင့် ဗုံးအလုံးရေ ၁၀ လုံးကျော် ထပ်မံကြဲချခဲ့ပြန်ရာ စုစုပေါင်း အလုံး ၂၀ ကျော် ကြဲချခြင်းခံလိုက်ရကြောင်း စခန်းအနီးနေထိုင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“နေ့လည် ၂ နာရီလောက်မှ သူတစ်ခေါက်လာတယ်။ ၂ နာရီ ၁၅ မှာ ၃ လုံး၊ နောက်ခဏကြာတော့ ၃ လုံး၊ တစ်ခါချရင် ၃ လုံးလောက် ဆက်တိုက်ကြဲချတာ။ ဒါပေမဲ့ နံနက်ပိုင်းက ပိုကြောက်ဖို့ကောင်းတယ်။ ကျမတို့ ခေါင်းပေါ်တင် အဲဒီဖိုက်တာ ကပျံသွားတာ နီးနီးလေး။ ကြဲချတော့လည်း ကြောက်စရာကြီး။ ညကျရင်လည်း လျှိုထဲပဲဝင်ပြီး နားစွင့်နေရဦးမယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။ ခလယ်ဒေးစခန်းအနီးတဝိုက်ရှိ ဒေသခံအများစုမှာ သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံဘက်သို့ ယာယီစစ်ရှောင်လျက်ရှိကြောင်း ကေအိုင်စီက မျက်မြင်တွေ့ရှိချက်အရသိရသည်။

ထိုင်းနယ်စပ်သတင်းအရင်းအမြစ်တချို့ကလည်း ယမန်နေ့ မတ်လ ၂၃ ရက်နေ့ကတည်းက စခန်းအနီး တဝိုက်ပစ်ခတ်မှုများ ရှိလာခြင်းကြောင့် ကလေးသူငယ်၊ အမျိုးသမီးနှင့်သက်ကြီးရွယ်အို အများစုပါဝင်သည့် ဒေသခံများမှာ ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကူးစစ်ရှောင်လာကြ၍ ထိုင်းအာဏာပိုင်များက အကူအညီပေးထားသည်ဟု ဖော်ပြသည်။

ထို့အပြင် နှစ်နိုင်ငံနယ်စပ်အနီးစပ်ဆုံး၌ ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် သောင်ရင်းမြစ်တကြောသို့ လေယာဥ် ၂ စင်းဖြင့် ထိုင်းလေတပ်ဘက်က ကင်းလှည့်စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း ထိုင်းသတင်းအချို့က ဆိုသည်။

ယခု ၂၀၂၅ ခုနှစ်အတွင်း တပ်မဟာ(၇)နယ်မြေ၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတို့ ခပ်စိတ်စိတ်ဖြစ်ပွားလျက်ရှိရာ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ပိုင်ကျုံမြို့နယ်ရှိ ပူလူတူစခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစခန်းသိမ်းတိုက်ပွဲအတွင်းတွင်လည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် ဒေသခံများ တစ်လနီးပါးကြာ ထိုင်းဘက်သို့စစ်ဘေးရှောင်ခဲ့ကြရသည်။