မတ်လ ၂၅ ရက်။ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများဘက်ကို စစ်ကောင်စီလက်နက်ကြီးတပ်ဆင်ထားသည့် စစ်တပ်တပ်ရင်းလက်နက်ကြီးပစ်ကုန်းများမှ နေရာစုံသို့ ပစ်ခတ်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင် လာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ သတင်းအရင်းအမြစ်ထံမှ သိရသည်။
” ဒီ ၂၀ ရက် နောက်ပိုင်းက စစ်တပ်က လက်နက်ကြီးတော်တော်ပစ်ထုတ် လာတယ်။ ကျုံဒိုးတပ်၊ နဘူး ၉ တိုင် စကခ ၁၂၊ လှိုင်ဝ အမြောက်ကုန်း၊ ၉၇ နေပူခံကုန်း၊ နေရာတွေက ပစ်ထုတ်တာ ရွာတွေ ဘက်ကို ပေါ့နော်။ လမ်းဟောင်း ရန်ကုတ်၊ အောက်ဘိုတဲ၊ ကောင်းမှု၊ နောင်ကိုင်း၊ ရွှေလူကုန်းဘက်၊ မြောက်ပိုင်း သုံးဆက်သုံးဆူဘက်။ နောက်ပြီး မွန်ရွာ ဓမ္မသဘက်ကိုအထ္ထရံမြစ်ထဲကနေ အတွဲလိုက်စစ်အမြောက် (ဘောက်ဖာ)တွေ နဲ့ပစ်တယ်၊ တိုက်ပွဲ ရှိနေတဲ့ တစ်နေရာကို ပစ်တာမဟုတ်တော့ဘဲနဲ့နေရာစုံကို လိုက်ပစ်ထုတ်နေတာမျိုးပေါ့နော်” ဟု ကော့ကရိတ် KNLA စစ်မြေပြင်တာဝန်ရှိသူက ပြောသည်။
ယနေ့ မတ်လ ၂၅ ရက်နေ့အထိ ကော့ကရိတ်-မြဝတီ အာရှလမ်းသစ် နှင့် ဒေါနတာင် လမ်းဟောင်း အောက်ဘိုတဲနေရာဘက်တွင် စစ်ကောင်စီစစ်ကြောင်းများ နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ဖွဲ့များ စစ်ရေးတင်းမာပြီး နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုဆက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းဘက်ရှိ ငါးတိုင်၊ ခြောက်တိုင်၊ ကိုးတိုင်ရွာလမ်းတစ်လျှောက်ရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် စစ်ကောင်စီ တပ်စစ်ကြာင်းများက ကင်းပုန်း၊ လမ်းကင်း အထိုင်ချရှိနေပြီး အဆိုပါ နေရာများအား KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျား တိုက်ခိုက်မှု၊ ဒရုန်းနှင့် တိုက်ခိုက်မှုမခံရစေရေး အကာအကွယ်များတိုးမြှင့်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
ကျုံဒိုးဒေသခံတစ်ဦးက ” ကိုးတိုင်၊ ငါးတိုင်၊ခြောက်တိုင် ရွာတွေကဘုန်းကြီးကျာင်း၊ နောက်ပြီး လေးတိုင် ရွာက အောင်ချမ်းသာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ စကစတပ်တွေ ရှိတယ်။ လမ်းမဘေးခြံ တွေမှာကင်းပုန်းဝပ်တယ်။ တပ်ဖျောက်နေတာမျိုးပါ့။ ဒရုန်းနဲ့လာချမှာတို့၊ လာချောင်းတိုက်မှာတို့သူတို့ ကြောက်ကြတယ်လေ”ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုဆက်တိုက် ပိုတိုးပြီး တိုက်ခိုက်မှုကြောင့် ယခု ရက်ပိုင်းအတွင်း လူထိခိုက်မှုမရှိသေးသော်လည်း အိမ်ခြံများမီးလောင်ပျက်စီးမှုရှိကြောင်း စစ်ရှောင်အရေး အကူအညီပေးနေသူများပြောစကားအရ သိရသည်။



















