Home တွေ့ဆုံမေးမြန်းခန်း ဧရာဝတီမြစ်ဝကျွန်းပေါ်လွတ်မြောက်ရေးတပ်တော် – IDLA ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး IDNSC ဥက္ကဌ မန်းဖန်းရှောင်းနှင့် ဆက်သွယ်မေးမြန်းချက်။

ဧရာဝတီမြစ်ဝကျွန်းပေါ်လွတ်မြောက်ရေးတပ်တော် – IDLA ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး IDNSC ဥက္ကဌ မန်းဖန်းရှောင်းနှင့် ဆက်သွယ်မေးမြန်းချက်။

249

“ဧရာဝတီမြစ်ဝကျွန်းပေါ်ကိုသာ စစ်ရေးအရ ကျနော်တို့ချုပ်ကိုင်လို့ရပြီဆိုရင် စစ်အာဏာရှင်စနစ်က မခံနိုင် တော့ဘူးလေ။ နောက်ဆုံးခံတပ်လို့ပဲ ကျနော်တို့က ယူဆတယ်။ သူတို့ အဲဒီမှာခံယူထားတဲ့ ဧရာဝတီ မြစ်ဝကျွန်း ပေါ်က စစ်ရေးအရ အသာစီးရပြီဆိုရင် သူတို့ရဲ့ထွက်ပေါက်တောင် ပိတ်သွားပြီလို့ ကျနော်တို့အဲ့လိုတွေးတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ် အကုန်လုံးကျမှသာ စစ်အာဏာရှင်စနစ်က ပြုတ်ကျမယ်လို့ ကျနော်တို့မြင်တယ်”

IDNSC ဥက္ကဋ္ဌ မန်းဖန်းရှောင်း

ဧရာဝတီမြစ်ဝကျွန်းပေါ်လွတ်မြောက်ရေးတပ်တော် – IDLA ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး IDNSC ဥက္ကဌ မန်းဖန်းရှောင်းနှင့် ဆက်သွယ်မေးမြန်းချက်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် စစ်အစိုးရယန္တရားနှင့် စစ်အာဏာရှင်စနစ်များ အလုံးစုံ ဖျက်သိမ်း ရေးအတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်လွတ်မြောက်ရေးတပ်တော်-IDLA ကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ – IDNSC က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ တိုင်းရင်းသားလူထု၏အသက်အိုးအိမ် ကာကွယ်ရေး၊ ကောင်စီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရေးနှင့် ဖက်ဒရယ်တပ်မတော်တွင် အခိုင်အ မာရပ်တည်ရေး တို့အတွက် ရည်ရွယ်၍ IDLA ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ – IDNSC က ဆိုသည်။

မဟာလူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်နှင့် စစ်ကောင်စီယန္တရားများအားလုံးဖယ်ရှားရန်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ထူထောင်ရန်နှင့် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းချက် (၃) ရပ်ဖြင့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် IDNSC ကို မြစ်ဝကျွန်းပေါ်နေတိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်များ၊ အဝေးရောက်ဧရာဝတီသားများဖြင့် ဖွဲ့စည်းခဲ့သည်။

ယခုလိုဧရာဝတီမြစ်ဝကျွန်းပေါ်လွတ်မြောက်ရေးတပ်တော် – IDLA ဖွဲ့စည်း တည်ထောင်ခြင်း၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက် အပါအဝင် စစ်ရေးပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် ပတ်သက်ပြီး IDNSC ဥက္ကဌ မန်းဖန်းရှောင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်လွတ်မြောက်ရေးတပ်တော် – IDLA ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်၊ မျှော်မှန်းချက်ကို ပြောပြပေးပါဦး။

ဖြေ။ ။ ကျနော်တို့ကြေညာချက်ထဲမှာ ပါတဲ့အတိုင်းပါပဲ။ ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသား များပြည်နယ်ရှိ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တရားအားလုံးကို လုံးဝဖျက်သိမ်းဖို့၊ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့၊ ဧရာဝတီမြစ်ဝကျွန်းပေါ်အမျိုးသားများ ပြည်နယ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ဖို့နဲ့ အနာဂတ်ဖက်ဒရယ်တပ်မတော်မှာ အင်အားစုတစ်စုအဖြစ် အခိုင်အမာ ရပ်တည်ဖို့ ဖွဲ့စည်းရတာဖြစ်ပါတယ်။ မဖွဲ့လို့လည်းမရတဲ့အခါကျတော့ ကြေညာချက်မှာပါတဲ့အတိုင်း စုဖွဲ့မှုလုပ်ထားတာဖြစ်ပါတယ်။

မေး။ ။ ဧရာတီတိုင်းထဲမှာ လှုပ်ရှားနေတဲ့တော်လှန်ရေးအင်အားစုအချို့လည်းရှိနေတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့နေရာမှာ IDLA အနေနဲ့ အခြားသောတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လိုရှိပါလဲ။ သိပါရစေ။

ဖြေ။ ။ ကျနော်တို့ကတော့ အခုမှစဖွဲ့ကာစဆိုတော့ တည်ဆောက်နေတုန်းပဲ ရှိပါသေးတယ်။ ကျနော် တို့နဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို သဘောထားကိုက်မယ့်သူတွေ၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ရည်မှန်းချက်ချင်းတူတဲ့ အဖွဲ့အစည်းတွေနဲ့ မဟာမိတ်လုပ်သွားဖို့ ရည်ရွယ်ချက်ရှိပါတယ်။

ကျနော်တို့ မဟာမိတ်အနေနဲ့ စစ်အာဏာရှင်ဘုံရန်သူစနစ်ကို အပြီးတိုင်ဖယ်ရှားပစ်ဖို့ဆိုတဲ့အပေါ်မှာ သဘောထား တူညီတဲ့သူတွေ အကုန်လုံးနဲ့လက်တွဲဆောင်ရွက်သွားမယ်။ ကျနော်တို့လိုလားတဲ့ ပြည်နယ်ပေါင်းစုပြည်ထောင်စု ပေါ့ဗျာ၊ ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ထဲမှာ ပြည်နယ်ပေါင်းစုပြည်ထောင်စုကို လုပ်ချင်တဲ့အတွက် ဧရာဝတီ မြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကိုလည်း လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

မေး။ ။ IDLA ရဲ့စစ်ရေးလှုပ်ရှားမှုနယ်ပယ်ကို ဘယ်လိုသတ်မှတ်ထားပါလဲ။

ဖြေ။ ။ စဖွဲ့စည်းတဲ့ကာလဆိုတော့ လှုပ်ရှားမှုအပိုင်းက အားလုံးထုတ်ပြောလို့မရဘူးလေ။ ပြီးတော့ ဧရာဝတီ မြစ်ဝကျွန်းပေါ်လို့သုံးတယ်ဆိုရင် တချိန်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဆိုတာက အကုန်ပါတယ်။ အခုလက်ရှိ ရန်ကုန်တိုင်းထဲမှာရှိတဲ့ဒေသတွေက တချိန်တုန်းက ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ အကုန်ပါပြီးသား။ ၁၉၇၄ ကျတော့မှ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဆိုပြီး ဖြစ်လာတာ။ ၂၀၀၈ မှာလည်း တိုင်းဒေသကြီးတို့ ဖြစ်လာတာ။ ကျနော်တို့ကတော့ အဲ့ဒါကိုလက်မခံဘူးဗျ။ ကျနော်တို့က ဧရာဝတီရဲ့ မြစ်ဝကျွန်း ပေါ်တစ်ခုလုံးဆိုရင် အမှန်ဆို ရန်ကုန်တိုင်းထဲက တချို့ပေါ့ဗျာ၊ ထန်းတပင်တို့ မှော်ဘီအောက်ပိုင်းတို့ဆိုရင် တချိန်က မြစ်ဝကျွန်းပေါ် ထဲမှာပါတယ်ဗျ။

KNU လက်နက်ကိုင်အဖွဲ့အစည်းရှိခဲ့တဲ့ အချိန်တုန်းက မြစ်ဝကျွန်းပေါ်လို့ပြောလိုက်ရင် အကုန်လုံးပါတယ်။ လက်ရှိ ဧရာဝတီတင်မကဘူးပေါ့ဗျာ။ ကျနော်တို့ဒေသတွေ လက်ခံနိုင်တဲ့ အနေအထားရှိတယ်ဆိုရင် ဥပမာ ရန်ကုန်တိုင်းထဲမှာ အခုပါဝင်သွားတဲ့ ကော့မှူး၊ ကွမ်းခြံကုန်းတို့၊ တွံ့တေးတို့ဆိုတာ တချိန်က ကရင့်လက်နက်ကိုင် အဖွဲ့အစည်းရှိတဲ့အချိန်တုန်းက မြစ်ဝကျွန်း ပေါ်တိုင်းလို့တောင် ခေါ်တာပဲလေ။ အကုန်လုံးပါဝင်တာပဲဆိုတော့ သူတို့ရဲ့စိတ်ဆန္ဒရှိမယ်ဆိုရင် စစ်ရေးအရလှုပ်ရှားဖို့က စီစဥ်ရမှာပေါ့။

မေး။ ။ ဧရာဝတီတိုင်းဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းခေါ်ယူမှု၊ မဲဖောက်တာ ပေါ်တာဆွဲတာနဲ့ပတ်သက်လို့ အများအပြားတွေ့ကြုံနေရတဲ့ နယ်မြေလည်းဖြစ်တယ်။ ဒီအပေါ်မှာ IDNSC အပါအဝင် IDLA အနေနဲ့ ဘယ်လို ကိုင်တွယ်ဖို့ရှိပါလဲ။

ဖြေ။ ။ ဧရာဝတီဒေသက စစ်ကောင်စီအနေနဲ့ စစ်သားစုဆောင်းဖို့အတွက် ရေသောက်မြစ်လို ဖြစ်နေတာ ပေါ့ဗျာ။ သူတို့စားနပ်ရိက္ခာကအစ လိုအပ်ရင်လိုအပ်သလို လုပ်လို့ရနေတဲ့ပုံစံမျိုး ဖြစ်နေတဲ့အခါကြတော့ ကျနော်တို့လည်း စိတ်ထဲမှာမကောင်းဘူး။

ဒါကြောင့် ကျနော်တို့ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအနေနဲ့ မြန်မြန်လွတ်မြောက်မှပဲ ဖြစ်မယ်ပေါ့ဗျာ။ အဲဒီပုံစံ မျိုးပေါ့။ တတ်နိုင်သလောက် အကူအညီပေးနိုင်ဖို့လည်း ကျနော်တို့ကြိုးစားနေပါတယ်။ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကတော့ စစ်ရေးအရ အားလုံးထုတ်ပြောနိုင်တဲ့ အနေအထားတော့မဟုတ်ဘူးလေ။

မေး။ ။ DNSC ရဲ့ နိုင်ငံရေး၊ စစ်ရေးတောင့်တင်းစေဖို့ IDLA ဖွဲ့စည်းမှုနဲ့အတူ မြစ်ဝကျွန်းပေါ်ဒေသရဲ့ နောင်လာမယ့် စစ်ရေးအခြေအနေကို ဘယ်လိုသုံးသပ်လို့ရပါလဲ။

ဖြေ။ ။ အဓိကကတော့ ဒီလိုဗျ၊ စစ်အာဏာရှင်ကလည်း ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသကို အခြေခံပြီးတော့ ပင်လယ်ထွက်ပေါက်လည်း ရှိတယ်ဆိုတော့ သူတို့ရဲ့ထောက်ပို့လမ်းကြောင်း အနေနဲ့လည်း ဖြစ်သလို အကယ်၍ သူတို့ဘက်က ထွက်ရမယ်ဆိုရင်လည်း ထွက်ပေါက်သဘောမျိုး စီစဥ်ထားပုံရှိတယ်။

ဒါကြောင့် ကျနော်တို့ စဥ်းစားတာက ဧရာဝတီမြစ်ဝကျွန်းပေါ်ကိုသာ စစ်ရေးအရ ကျနော်တို့ချုပ် ကိုင်လို့ရပြီဆိုရင် စစ်အာဏာရှင်စနစ်က မခံနိုင်တော့ဘူးလေ။ နောက်ဆုံးခံတပ်လို့ပဲ ကျနော်တို့က ယူဆတယ်။ သူတို့ အဲဒီမှာ ခံယူထားတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က စစ်ရေးအရအသာစီးရပြီဆိုရင် သူတို့ရဲ့ထွက်ပေါက်တောင်ပိတ်သွားပြီလို့ ကျနော်တို့အဲ့လိုတွေးတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ် အကုန်လုံးကျမှသာ စစ်အာဏာရှင်စနစ်က ပြုတ်ကျမယ်လို့ ကျနော်တို့မြင်တယ်။

မေး။ ။ ဧရာဝတီမှာနေထိုင်တဲ့ ပြည်သူတွေအတွက်ရော သတင်းစကားပါးဖို့ရှိပါလား။ ဖြည့်စွက်ပြောချင်တာ ရှိပါလား။

ဖြေ။ ။ ကျနော်တို့အနေနဲ့က ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ စစ်အာဏာရှင်စနစ်အားလုံး ပြုတ်ကျသွားအောင် လုပ်မှာဆိုတော့ ကျနော်တို့အားလုံး ဝိုင်းပြီးတော့ ဒီဒေသမှာ စစ်ကောင်စီက စစ်သားစုဆောင်းတဲ့အခါ သူတို့ လုပ်သလိုခံနေရတာတော့ မဖြစ်စေချင်ဘူးဗျာ။ တတ်နိုင်သလောက် သူတို့ကို တတ်နိုင်တဲ့နည်းလမ်းနဲ့ ဆန့်ကျင် ကြဖို့ အဲ့လိုပဲတိုက်တွန်းချင်တယ်။

ဒါမှပဲ ဒီကိစ္စမြန်မြန်ပြီးမြောက်မယ်လို့ ထင်တယ်။ ကျနော်တို့အပေါ်အနိုင်ကျင့်တာတွေစစ်သားစုဆောင်းတာက အစ ငွေကြေးရိက္ခာကအစ လိုသလိုစုဆောင်းလို့ ရနေတာတွေမဖြစ်အောင် သူတို့ထုတ်ထားတဲ့ဥပဒေအပေါ်မှာ တတ်နိုင်သလောက် ဆန့်ကျင်ကန့်ကွက်ကြဖို့တော့ လိုမယ်လို့ ကျနော်တို့ထင်တယ်။