Home သတင်း လွတ်မြောက်နယ်မြေရှိ အမျိုးသားကျောင်း၌ ပအိုဝ်းအမျိုးသားနေ့ ပထမဆုံးအကြိမ် ကျင်းပ

လွတ်မြောက်နယ်မြေရှိ အမျိုးသားကျောင်း၌ ပအိုဝ်းအမျိုးသားနေ့ ပထမဆုံးအကြိမ် ကျင်းပ

72

မတ် ၁၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေရှိ သူရိယစန္ဒာ ပအိုဝ်းအမျိုးကျောင်း၌ ယနေ့ မတ် ၁၃ ရက်နေ့တွင် ကျရောက်သည့် ၇၆ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။

အဆိုပါ ကျောင်း၌ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို နံနက် ၇ နာရီတွင် စတင်ကျင်းပခဲ့ပြီး အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် အထက်တန်းကျောင်းဆင်းပွဲကိုလည်း ပူးတွဲကျင်းပခဲ့သည်ဟု ‌ကျောင်းအုပ်ဆရာကြီး ခွန်မောင်ရိုင်းက ယခုလို ပြောသည်။

“ဒီပွဲက ပထမဦးဆုံးပွဲ ဖြစ်တယ်။ ကျောင်းတည်ထောင်တာကလည်း ပညာသင်နှစ် (၂) နှစ်ဘဲရှိသေးတော့။ ခေတ်အဆက်ဆက် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းစောက်ရှောက်တဲ့အနေနဲ့ပေါ့နော်။ နှစ်စဉ် ပွဲတွေနဲ့မတူဘဲ တမူထူးခြားတဲ့ပုံစံဖြစ်အောင် လုပ်ဆောင်ထားတယ်။ ပြီးတော့ပျော်ပွဲရွှင်ပွဲ သီးသန့်မဟုတ်ဘဲ။ ပညာရေးကိုဦးတည်ပြီးတော့ ယဉ်ကျေးမှူဓလေ့ထုံးတမ်းတွေ ကိုယ်ပိုင်သွားနိုင်တဲ့ပညာရေးပုံစံနဲ့ လျောက်လှမ်း နေတာပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

အဆိုပါ သူရိယစန္ဒာ (Suriyasanta Hight School) ပအိုဝ်းအမျိုးသား စာသင်ကျောင်းကို ပြီးခဲ့သည့်နှစ် အစောပိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၆)ယောက်ကို ကျောင်းဆရာ၊ ကျောင်းဆရာမစုစုပေါင်း(၈) တို့က စာသင်ကြားပေးလျက်ရှိကြောင်း ကျောင်းတာဝန်ခံက ပြောသည်။

သူရိယစန္ဒာကျောင်း၌ ပြုလုပ်သည့် ပအိုဝ်းအမျိုးသားနေ့နှင့် ကျောင်းဆင်းပွဲ အခမ်းအနားကို ကျောင်းတာဝန်ရှိ သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ ဧည့်သည်တော်များ အပါအဝင် စုစုပေါင်း လူ ၁၀၀ နီးပါး တက်ရောက်ခဲ့သည်။

ထို့အပြင် ၇၆ နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားကို ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNSC နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၊ PNLO/ PNLA တို့ က ဦးဆောင်ပြီး အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်နေ သလို အခမ်းအနားသို့ တော်လှန်ရေးအင်အားစုအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်မိန့်ခွန်းပြောဆိုခဲ့သည်။

“ပအိုဝ်းပြည်သူတို့ရဲ့ အမျိုးသားရေတာဝန်ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ပြည်နယ်သစ်များ ပေါ်ထွန်းခွင့် ရှိသော ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းထူထောင်ရေး ခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးမှာ တိုင်းရင်းသား အင်အားစုအားလုံးနဲ့ လက်တွဲတိုက်ပွဲ ဝင်ရေးဖြစ်ပါတယ်” ဟု PNLO/PNLA အထွေထွေအတွင်းရေး မှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက အခမ်းအနား၌ ပြောဆိုခဲ့သည်။

ယနေ့ ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ သာမည ဒေသတွင်ကျင်းပနေသလို သထုံမြို့ပေါ် ဘင်လှိုင်ရပ်ကွက် ၌လည်း ပြုလုပ်နေသည်ဟု သိရသည်။