Home သတင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို အရေးယူနိုင်ရေး အမြဲကြိုးပမ်းမည်ဟု အမျိုးသမီးအဖွဲ့များ သတိပေး

လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို အရေးယူနိုင်ရေး အမြဲကြိုးပမ်းမည်ဟု အမျိုးသမီးအဖွဲ့များ သတိပေး

644
Photo-KWO

မတ် ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်အကြမ်းဖက်ကျူးလွန်မှုပြုလုပ်သည့်မည်သူမဆို ခြွင်းချက်မရှိ ပြစ်ဒဏ်ပေးရန် Women’s Legue of Burma(WLB)အပါအဝင် အမျိုးသမီးအဖွဲ့ ၂၅ဖွဲ့မှ ယနေ့မတ်၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ထုတ်ပြန်ချက်ထုတ် သတိပေးပြောဆိုသည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားမှုနှင့် အကြမ်းဖက်မှု စသည့် ကျူးလွန်သူများကို ဥပဒေအကြောင်းအရ ထိုက်သင့်သည့် ပြစ်ဒဏ်များပေးဖို့ရန်နှင့် သက်ဆိုင်ရာ တရားစီရင်ရေး အသီးသီးရှိ တရား ဥပဒေ လမ်းကြောင်းအရ ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရေးအတွက် တာဝန်ယူမှု တာဝန် ခံမှု ရှိရန် စဉ်ဆက်မပြတ်စောင့်ကြည့်မည် ဖြစ်ကြောင်းလည်း အမျိုးသမီးအဖွဲ့များက ပြောဆိုသည်။

“တောင်းဆိုတဲ့နေရာမှာ အမျိုးသမီးအခွင့်အရေး၊ တန်းတူအခွင့်အရေးတို့ ပြီးတော့ အမျိုးသမီးတွေအပေါ်မှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေ အကြမ်းဖက်မှုတွေ လုပ်ဆောင်ပြီး ပြစ်ဒဏ်ကင်းလွှတ်ခွင့် ကျူးလွန်နေတဲ့ ဟာတွေ ရပ်တန့်ဖို့အတွက် အမြဲတမ်း အသံတွေထွက်လာတယ်။ လှုပ်ရှားမှုတွေလုပ်လာတယ်။ ဆိုတော့ဒီလုပ်ငန်းစဥ် တွေကို ဘယ်လို အခက်အခဲ ဘယ်လို အကြပ်အတည်းကြားတွေထဲမှာဘဲဖြစ်ဖြစ် ကျမတို့ရဲ့ရည်မှန်းချက် ကျမတို့ ရဲ့ မျှော်မှန်းချက် မပြည့်သ၍တော့ ကျမတို့ ဒီအကြောင်းအရာကို ဆက်ပြီး လုပ်ဆောင်သွားမယ်” ဟု အမျိုးသမီး များအဖွဲ့ချုပ် မြန်မာနိုင်ငံမူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် နာဗစ်ဘွန်က ကေအိုင်စီသို့ ပြောသည်။

အချို့သည်လုပ်ပိုင်ခွင့်၊ ပါဝါ၊ အာဏာနှင့် ယုံကြည်မှုကိုအလွဲသုံးစားပြုလုပ်ကာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားနှောက်ယှက်မှုနှင့် အကြမ်းဖက်မှုများကျူးလွန်နေခြင်းရှိကာ တော်လှန်ရေးကို ယုံကြည် မှု အခြေခံပြီး ပါဝင်နေသည့် အမျိုးသမီးများ၏ လုံခြုံရေးကို အထူးထိခိုက်စေကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ပြောဆိုသည်။
ထိုသို့မကဘဲ အကြမ်းဖက်ခံရမှုကို ထုတ်ဖော်ပြောဆိုသူများနှင့် လိုက်ပါကူညီဆောင်ရွက်နေသူများအား ပစ်မှတ် ထား ခြိမ်းခြောက်နေခြင်းများကိုလည်း ချက်ခြင်း ရပ်တန့်ပေးဖို့ရန် အမျိူးသမီးအဖွဲ့များ၏ ပူးတွဲ ထုတ်ပြန်ချက်၌ သတိပေး ထားသည်။

ထို့အပြင် မိမိတို့အဖွဲ့အစည်းများအနေဖြင့် ကျူးလွန်ခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုကို ဖော်ဆောင် ပေးကာ တာဝန်ယူမှု တာဝန်ခံမှု စနစ်တည်ဆောက်မှုကို အားကောင်းစေဖို့ လူမှုရေးပြစ်ဒဏ်ပေးသည့် အနေဖြင့် အတူလက်တွဲ လုပ်ကိုင်ခြင်း၊ ဟောပြောပွဲများ ဖိတ်ကြားခြင်း၊ နေရာပေးခြင်း၊ ဆက်သွယ်ဆက်ဆံခြင်းနှင့် အသိအမှတ်ပြု ခြင်းများ လုံးဝ မပြုလုပ်ရန် တိုက်တွန်းပြောဆိုလိုက်သည်။

၁၈၅၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ အမျိုးသမီးအလုပ်သမားများက လုပ်ငန်းခွင်တွင်မညီမျှမှုများကို နယူးယောက် မြို့၌ ဆန္ဒဖော် ထုတ်ခဲ့ကြပြီး အောင်မြင်မှုမရှိကာ ဖိနှိပ်မှုအကြမ်းဖတ်မှုများကို ခံခဲ့ရသည်။ ထိုသို့ အမျိုးသမီးများ မိမိအခွင့်အရေးအတွက် တိုက်ပွဲဝင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းကို အသိအမှတ် ပြုသည့်အနေဖြင့် နှစ်စဉ် မတ် ၈ ရက်နေ့ ကိုအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ၁၉၁၁ ခုနှစ်မှ စတင်သတ်မှတ် ကျင်းပခဲ့ခြင်းဖြစ်သည်။