Home သတင်း ဘီးလင်းတွင် ရန်ကုန်-မော်လမြိုင် လမ်းမဘေး ရွာများသို့ စစ်ကြောင်းလှည့်နေ၍ တချို့တိမ်းရှောင်

ဘီးလင်းတွင် ရန်ကုန်-မော်လမြိုင် လမ်းမဘေး ရွာများသို့ စစ်ကြောင်းလှည့်နေ၍ တချို့တိမ်းရှောင်

140
Photo-CJ

မတ် ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးဘေးရှိ ကျေးရွာများသို့ စစ်ကောင်စီ စစ်ကြောင်းက မတ်လ ပထမအပတ်မှစ၍ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းလှည့်လည် နေ၍ ရွာသားတချို့ တိမ်းရှောင်နေရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးနံဘေးရှိ သ‌ပြေနီ၊ ဇီးကုန်း၊ ဖိုးဝသိမ်၊ အလူး၊ ဝင်းပြန် စသည့်ကျေးရွာများကြားသို့ လှည့်လည် နေပြီး စစ်ကြောင်း ယာယီ စခန်းချရာ အနီးဝန်းကျင်သို့ လက်ပစ်လောင်ချာဗုံးများ ပစ်ခတ်ခြိမ်းခြောက်နေ၍ ရွာသားများ ထိတ်လန့် ကြောက်ရွံ့နေရသည်ဟု ဘီးလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ယခုလို ပြောသည်။

“သူတို့တပ်တွေက ရွာတစ်ရွာ တစ်ရွာကြား တောင်ထန်းတောတွေမှာ လိုက်နေတာ။ တနေ့ညက လည်း ၇၉ သုံးလုံးထပ်ပစ်တယ်။ ပစ်ခြောက်ခြောက်တာပေါ့။ ရွာထဲတော့မကျဘူး ရွာနဲ့အနီးအနား လောက်မှာကျတော့ ဘာပဲပြောပြောရွာသားတွေထိတ်လန့်တာပေါ့။ တချို့ရွာတွေကတော့ အိမ်က
ရှောင်အိပ်ကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်က ရွာများအကြား လူစားလဲကာ ကင်းလှည့်လည်သည့်ပုံစံဖြင့် စစ်ကြောင်းလျှောက်‌ နေခြင်းဖြစ်ပြီး ၎င်းစစ်ကြောင်းတွင် လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များလည်း ပါဝင်‌နေကြောင်း ၎င်းက ဆက်ပြောသည်။

“ကားလမ်းနဲ့နီးတဲ့ရွာတွေဘက်ကို ပိုရောက်တာ၊ တနေ့ကဆို ဝင်းပြန်ဘက်မှာ တစ်‌ဖွဲ့၊ အလူး အထပ်သား စက်ရုံနားမှာတစ်ဖွဲ့ လိုက်လျှောက်သွားတယ်။ ဒရုန်းနဲ့ပစ်ချလို့တစ်မျိုး၊ စစ်ကြောင်းထိုး လို့တစ်မျိုး သတိထားပြီး နေရတာပေါ့။ ရွာနားတွေလိုက်ပြီး ကင်းပုန်းဝပ်တဲ့အထဲက သူတို့စစ်သား တွေ ခဏခဏပြေးလို့ စစ်ကြောင်းထိုးသလားတော့ မပြောတတ်ဘူး” ဟု အမည်မဖော်လိုသူ အလူးရွာခံ တစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ အဝေး‌ပြေးလမ်းမကြီးနံဘေး မကြာခဏကင်းပုန်းဝပ်တတ်သည့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ တပ်မှထွက်ပြေးသူတချို့ရှိလာသလို သပြေနီ သံတံတားထိပ်ရှိ စစ်ကောင်စီတပ် စခန်းမှ တပ်ဖွဲ့ဝင်တချို့ တပ်ပြေးဖြစ်စဥ်လည်း များလာကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ် ဖွဲ့ဝင် တို့ထံမှ သိရသည်။

အလားတူ တပ်မဟာ(၁) နယ်မြေအတွင်းရှိ ကျိုက်ထိုမြို့နယ် အင်္ဂဘို၊ ကျောက်တန်း၊ မဲရုံးလေး ကျေးရွာများဘက်တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကြောင်းတက်လာခြင်းကြောင့် အသွားအလာ ဂရုပြုနေရသလို ဒေသခံအချို့ တောင်ယာများအတွင်း တိမ်းရှောင်နေထိုင်ရသည် ဟုလည်း ကျိုက်ထို မြို့နယ်အတွင်းရှိ သတင်းအရင်းအမြစ်များထံမှ သိရသည်။