မတ် ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်တွင် ငှက်ဖျား ရောဂါ ဆေးဝါးများနှင့် ဆေးဘက်သုံး ပစ္စည်းများ ပြတ်လပ်နေသည်ဟု ခရိုင်ကျမ်းမာရေးတာဝန်ခံပဒိုနော်အယ်ဆဲတိုးက ကေအိုင်စီသို့ ပြောသည်။
ငှက်ဖျား ဆေးဝါးများ ပြတ်လပ်ရခြင်းသည် အမေရိကန် အစိုးရ နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ-USAID က လူသားချင်းစာနာမှု အကူအညီများကို ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းတွင် ဖြတ်တောက်လိုက်သည့် အကျိုးဆက် ကြောင့် ဖြစ်သည်။ ယခုလို ငှက်ဖျားရောဂါ ဆေးဝါးများနှင့် ရောဂါရှာဖွေရေး ဆေးဘက်သုံး ပစ္စည်းများ ပြတ်လပ်နေမှု အခြေအနေနှင့် ပတ်သက်၍ ခရိုင် ကျမ်းမာရေးတာဝန်ခံ ပဒိုနော်အယ်ဆဲတိုးက ယခုလို ပြောသည်။
“အခု ဘိတ်-ထားဝယ်ခရိုင်မှာ ငှက်ဖျားရောဂါနဲ့ ငှက်ဖျား ရောဂါ ရှာဖွေတဲ့ ဆေးဘက်သုံးပစ္စည်းတွေ ပြတ်လပ်နေ ပါတယ်။ ဒါက USAID က ထောက်ပံ့မှု ရပ်လိုက်တဲ့ အတွက် ငှက်ဖျားဆေးတွေ ဖြတ်တောက် ခံရတာ ဖြစ်ပါတယ်။ အဲ့လိုအခက်အခဲတွေရှိတယ်။ တခြားနည်းလမ်းတွေ ကိုတော့ ရှာရမယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။
ထို့အပြင် ဘိတ်-ထားဝယ်ခရိုင်တွင် အဖြစ်များသည့် လက်ရှိ နွေရာသီတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ များ အဖြစ်များပြီး ငှက်ဖျားရောဂါသည် မိုးတွင်းကာလ၌ အဖြစ်များသလို ခရိုင်အတွင်း ဒုတိယအဖြစ်များဆုံး ရောဂါ ဖြစ်သည်ဟု ပဒိုနော်အယ်ဆဲတိုးက ဖြည့်ဆွက်ပြောသည်။
ဘိတ်-ထားဝယ်ခရိုင်အတွက် ငှက်ဖျားရောဂါ ဆေးဝါးများနှင့် ရောဂါရှာဖွေရေး ပစ္စည်းများကို ကရင်ကျမ်းမာရေး နှင့် ကယ်ဆယ်ရေးဌာန- KDHW (ဗဟို)က သုံးလတစ်ကြိမ် ပို့ပေးလေ့ရှိပြီး ယခုနှစ် ဖေဖော်ဝါရီလအထိ ပို့ပေးပြီး ဖြစ်သည်။ လာမည့် သုံးလအတွက် နည်းလမ်းရှာ ပို့ဆောင်သွားနိုင်ရန် စီစဉ်နေသည်ဟု KDHW ဌာန တာဝန်ခံ ပဒိုဒိုင်းမွန်းခင်က ယခုလို ပြောသည်။
“ဘိတ်-ထားဝယ် ခရိုင်ကို ငှက်ဖျားဆေးတွေ ဖေဖော်ဝါရီလ အထိ ပို့ပေးပြီး ဖြစ်ပါတယ်။ လာမဲ့ သုံးလစာအတွက် နည်းလမ်းရှာ ပိုဆောင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ လမ်းကြောင်းလည်း ရှာနေတယ်။ ကလေးကာကွယ်ဆေး တွေနဲ့ အတူပို့နိုင်ဖို့ စီစဉ်နေပါတယ်” ဟု ပဒိုဒိုင်းမွန်းခင်က ပြောသည်။
ဘိတ်-ထားဝယ်ခရိုင်တွင် ငှက်ဖျားရောဂါ ဆေးဝါးများမှ လွဲ၍ အခြားရောဂါများအတွက် ဆေးဝါးများ ပြတ်လပ်မှု မရှိသေးကြောင်း ခရိုင်ကျမ်းမာရေးဌာနမှ သိရသည်။