မတ် ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ယနေ့မတ်လ ၈ရက်နေ့ နံနက် ၁၀ နာရီ ခွဲ အချိန်ခန့်တွင် ONE Championship ၏ ONE Fight Night 29 ပြိုင်တွင်၌ ကရင့်ရိုးရာ လက်ဝှေ့ကျော် သံမဏိစိုးလင်းဦးသည် ပြိုင်ဘက် ရုရှားဖိုက်တာ ကော့ဗ်ထွန်း (Dmitrii Kovtun) ကိုအမှတ်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ယခု ရှရုားဖိုက်တာ ကော့ဗ်ထွန်းနှင့် ထိုးရန် ပြင်ဆင်ချိန် တစ်လခန့်သာ ရှိခဲ့သော်လည်း အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဟု ၎င်းက ကေအိုင်စီသို့ ပြိုင်ပွဲ မတိုင်မှီ မတ် ၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။
အဆိုပါ ပွဲ ထိုးသတ်ယှဉ်ပြိုင်ရန် သံမဏိစိုးလင်းဦးအနေဖြင့် လေ့ကျင့်ပြင်ဆင်ချိန် တစ်လခန့်သာ ရရှိခဲ့သလို ယနေ့ ပွဲကို ၃ ချီအထိ ယဉ်ပြိုင်ထိုးသတ်ပြီးနောက် ပြိုင်ဘက် ကော့ဗ်ထွန်းက အမှတ်ဖြင့် အနိုင်ရသွားခဲ့သည်။
ယနေ့ယှဉ်ပြိုင်ထိုးသတ်သည့်ပွဲအပါအဝင် စိုးလင်းဦး၏ ONE Championshipပွဲ ၆ပွဲထိုးသတ်ထားကာ သုံးပွဲဆက် အနိုင်ရခဲ့ပြီး နောက်ဆုံးနှစ်ပွဲအပါအဝင် ၃ ပွဲဆက်တိုက် အမှတ်ဖြင့် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။
သံမဏိစိုးလင်းဦးသည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီမြို့နယ် ကျောက်ခက်ကျေးရွာအနီးတွင် ကားမတော်တဆမှုဖြစ်ခဲ့သေးသလို ဆေးရုံဆင်းပြီးနောက် ဇန်နဝါရီ ၂၄ ရက်နေ့ ONE 170 ပွဲစဉ်၌ ထိုင်းနိုင်ငံသား စက်ဆွမ်း (SEKSAN) နှင့် ထိုးခဲ့ပြီး ယခု ပြန်လည်ထိုးသတ်ခြင်းလည်း ဖြစ်သည်။


















