Home သတင်း ပါရဂူဘွဲ့ချီးမြှင့်ပေးသည့် ထိုင်းတက္ကသိုလ်နှင့် သင်ကြားရေး၊ အရည်အသွေးမြင့်တင်ရေး ကဏ္ဍများ တွဲလုပ်မည်ဟု ဒေါက်တာ စင်သီယာမောင်ပြော

ပါရဂူဘွဲ့ချီးမြှင့်ပေးသည့် ထိုင်းတက္ကသိုလ်နှင့် သင်ကြားရေး၊ အရည်အသွေးမြင့်တင်ရေး ကဏ္ဍများ တွဲလုပ်မည်ဟု ဒေါက်တာ စင်သီယာမောင်ပြော

128

မတ် ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့သည့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နရတ်ဆွမ် တက္ကသိုလ် (Nareasuan University) နှင့် သင်ကြားရေး၊ အရည်အသွေးမြင့်တင်ရေး ကဏ္ဍများ လက်တွဲလုပ်ဆောင်ရန် ရှိသည်ဟု မဲဆောက်မြို့ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ပြောသည်။

အဆိုပါ နရတ်ဆွမ် တက္ကသိုလ်က ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့ ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဒေါက်တာ စင်သီယာမောင်ကို အာဆီယံဒေသတွင်း လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေပြီး လူသားတို့အတွက် အကျိုး ဖြစ်ထွန်းသည့်အတွက် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယခုလို ပါရဂူဘွဲ့ ချီးမြှင့်ခံရမှုနှင့် အဆိုပါ တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခံရမှုအပေါ် ဒေါက်တာ စင်သီယာမောင်က ကေအိုင်စီသို့ ယခုလို ပြောသည်။

“နရတ်ဆွမ် ယူနီဗာစတီးနဲ့ ကျမတို့ တိုးပြီးတော့ ဆောင်ရွက်နိုင်ဖို့ အတွက်အထူး သဖြင့်တော့ သင်ကြားရေး ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ အရည်အသွေးမြင့်တင်ရေးဆိုင်ရာ ကိစ္စတွေကို တိုးပြီးတော့ ဆောင်ရွက်နိုင်ဖို့အတွက် အတွက် လိုလိုလားလား ကမ်းလှမ်းတာ ဖြစ်သလို ပါဝင်ဆောင်ရွက်နိုင်မှုကို ပိုပြီးတော့ တိုးမြှင့်နိုင်ဖို့ အတွက် အခွင့် အလမ်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

ထို့အပြင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခြင်းသည် အထူးသဖြင့် နယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေး၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာလုပ်ငန်းများ၊ ကျန်းမာရေး ဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုဆောင်ရွက် နိုင်ခြင်းနှင့် နယ်စပ်ရေးရာ ကိစ္စရပ်များကို မီးမောင်းထိုး ပြနိုင်သည့်အတွက် ယခုလို ဘွဲ့ပေးအပ်ခြင်း ဖြစ်သည်ဟု သိရသည်။

“မြန်မာနိုင်ငံရွှေ့ပြောင်းလူထုတွေ နောက်တော့ နယ်စပ်မှာနေတဲ့ လူထုတွေအနေနဲ့ အမြဲပဲ စိုးရိမ်ပူပန်မှု ရှိရတဲ့ ကျန်းမာရေး ပြဿနာ၊ လုံခြုံရေးပြဿနာ ပိုပြီးတော့ ဆောင်ရွက်နိုင်ဖို့ နောက်ပြီးတော့ ကျမတို့အထူး သဖြင့် နယ်စပ်မှာ ရှိတဲ့ CSO တွေနဲ့ တိုးမြှင့်ဆောင်ရွက်ဖို့အတွက် ခွန်အားလည်း ဖြစ်စေတယ်။ တစ်ဖက်ကလည်း ကျမ တို့က ဒီတက္ကသိုလ်များရဲ့ အသိအမှတ်ပြုမှုကို ပိုပြီးတော့ ရှရှိတဲ့အတွက်ကြောင့် သူတို့နဲ့ လက်တွဲ ဆောင်ရွက်ဖို့ အတွက်ပိုပြီးတော့ အခွင့်အလမ်းတွေ ရှိလာမယ်” ဟု ဒေါက်တာ စင်သီယာမောင်က ဖြည့်စွက်ပြောသည်။

ယခုလို ထိုင်းတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ချီးမြှင့်ခံရသည့် ဒေါက်တာနော်စင်သီယာမောင်သည် နယ်စပ် ဒေသရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း တည်ထောင်သူ ဖြစ်သည်။ သူမသည် အာရှသူရဲကောင်းဆု အပါအဝင် ကျန်းမာရေး ပညာရေး နှင့် လူသားအကျိုးပြု လူမှုထူးချွန်ဆု များစွာ ရရှိထားသူ တစ်ဦးဖြစ်သည်။