Home သတင်း တနင်္သာရီ-မောတောင်လမ်း တိုက်ပွဲကြောင့် စစ်ရှောင် ၁,၇၀၀ ကျော်ရိက္ခာပြတ်

တနင်္သာရီ-မောတောင်လမ်း တိုက်ပွဲကြောင့် စစ်ရှောင် ၁,၇၀၀ ကျော်ရိက္ခာပြတ်

104
photo- နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

မတ် ၁၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီ-မောတောင်လမ်း တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် သိန်ခွန်းကျေးရွာ အုပ်စုမှ ဒေသခံ ၁၇၀၀ ဦးကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိစားနပ် ရိက္ခာပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည်ဟု မြေပြင်စစ်ရှောင်ကူညီနေသူ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ သုံးလခန့် ရှိပြီးဖြစ်သလို လမ်းအသုံး ပြုခွင့်ကိုလည်း လက်ရှိလုံခြုံရေးအရ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ခွင့်ပြုထားခြင်း မရှိကြောင်း ဒေသခံများထံမှသိရသည်။

“ပြီးခဲ့တဲ့ဇန်နဝါရီကစဖြစ်တဲ့တိုက်ပွဲကနေပြီးတော့ အခုချိန်ထိ စစ်ဘေးရှောင်နေရတယ်။ စစ်တပ်ဘက်ကလည်း ကားလမ်းတွေပိတ်ထားတော့ ဒီဘက်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအခြေခံပစ္စည်းကအစ လိုအပ်လာတယ်။ လာပြီးတော့လှူမဲ့သူတွေလည်း မရှိသေးဘူး။ ရှိတဲ့ဟာတွေနဲ့ပဲ ရပ်တည်နေရတယ်။ ဒီထက်ကြာလာရင်တော့ အခြေနေတွေ ပိုဆိုးလာနိုင်တယ်”ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်း၌ လက်ရှိ နှစ်ဖက်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိနေသောကြောင့် ထောက်ပံ့မည့် အဖွဲ့အစည်း များအနေဖြင့် စစ်ဘေးရှောင်များရှိရာသို့ သွားရောက်ချိန်တွင် စစ်ကောင်စီ စစ်ကြောင်းများနှင့် တွေ့ဆုံနိုင်သည့် ပြီး တိုက်ပွဲကြားတွင် ပိတ်မိနိုင်သဖြင့် ရိက္ခာထောက်ပံ့မှုပေးနိုင်ရန် အခက်အခဲများလည်းရှိနေသည်ဟု သိရသည်။

Photo- နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

ထို့အပြင် ဒေသခံစစ်ဘေးရှောင်များအနေဖြင့် လတ်တလောအလုပ်အကိုင်များလည်း မရှိသောကြောင့် ဝင်ငွေ၊ ထွက်ငွေမညီမျှမှုများဖြစ်ပေါ်နေပြီး စစ်ဘေးရှောင် အမျိုးသမီးအများစုမှာ စိတ်ကျရောဂါ ခံစားနေကြရကြောင်း စခန်းအတွင်း စစ်ဘေးရှောင်ကူညီနေသူအခြားတစ်ဦးက ပြောဆိုသည်။

“အမျိုးသမီးတွေကပိုပြီးတော့မှ စိတ်ကျရောဂါတွေဖြစ်လာတာကို သိရတယ်။ အလုပ်လည်းမရှိဘူးဆိုတော့ ရိက္ခာတွေလည်းပြတ်လပ်လာပြီး ဝင်ငွေတွေလည်းမရှိတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ စိတ်လေနေ တာတွေ ပိုပြီး ဖြစ်လာတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ပြီး စစ်ကောင်စီတပ်များမှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ တနင်္သာရီမြို့နယ်အတွင်းရှိ သိန်ခွန်းရွာ၊ ထုံမခါရွာနှင့် ‌ညောင်ပင်ကွင်းကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကာ စစ်တပ်မှအထိနာ သောကြောင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းများအပြင် မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူပိုင် နေအိမ် စုစုပေါင်း အလုံး ၅၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။