မတ်လ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကနေဒါ၊ ယူကေနှင့် ဩစတေးလျနိုင်ငံတို့အနေဖြင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း-MOGE အပေါ် ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ဆောင်သည့်အတိုင်း အတုယူလိုက်ပါပြီး MOGE ကို ပိတ်ဆို့ရန် Justice for Myanmar-JFM က မတ်လ(၁၁)ရက်နေ့စွဲဖြင့် တောင်းဆိုသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ စစ်ကောင်စီအတွက် နိုင်ငံခြားအခွန်ငွေ အများဆုံးရှာဖွေပေးနေပြီး မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများကျုးလွန်ရာ၌ ဘဏ္ဍာရေးအထောက်အပံ့ဖြစ်စေသည့် MOGE အား ဆွစ်ဇာလန်နိုင်ငံ၏ဒဏ်ခတ်ပိတ်ဆို့မှုကို ကြိုဆိုသည့်ထုတ်ပြန်ချက်တွင် JFM ကတောင်းဆိုထားခြင်းဖြစ်သည်။
JFM ပြောခွင့်ရ မရတနာမောင်က “စစ်အုပ်စုက ဓါတ်ငွေ့ဝင်ငွေတွေကို နိုင်ငံတကာ ရာဇဝတ်မှုမြောက်တဲ့ ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ လက်နက်နဲ့လေယာဥ်ဆီဝယ်ရာမှာ အသုံးပြုနေတာပါ။ ကနေဒါ၊ ယူကေနဲ့ဩစတေးလျနိုင်ငံတို့ကလည်း သူ့လမ်းကြောင်းအတိုင်း လိုက်ပါပြီး MOGE ကိုဒဏ်ခတ် ပိတ်ဆို့မှုတွေ အမြန်လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီသည် သဘာဝဓါတ်ငွေ့နှင့်ရေနံများအား နိုင်ငံခြားသို့တင်ပို့ရောင်းချမှုမှ ၃ လတာ ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၄၁ သန်း ကျော်ရရှိခဲ့ကြောင်းလည်း JFM က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဆွစ်ဇာလန်နိုင်ငံ၏လုပ်ဆောင်ချက်က ဥရောပသမ္မဂ-အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများအကြားရှိ စစ်ကောင်စီ၏အသက်ကယ်ပေါက်တစ်ခုအား ပိတ်လိုက်နိုင်ခြင်းဖြစ်သလို မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် အာဏာသိမ်းကာလ လေးနှစ်လုံးလုံး တော်လှန်ရေးလုပ်လာသည့် ပြည်သူလူထုနှင့်တစ်သားတည်းရှိနေခြင်းကို ပြလိုက်ရာလည်းရောက်သည်ဟု JFM ကဆိုသည်။
စစ်ရာဇဝတ်မှုနှင့်ပက်သက်သည့် လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများအား ခြေရာခံ၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်း၊ သုတေသနပြု မှတ်တမ်းလုပ်ခြင်း၊ အစီရင်ခံစာ တမ်းများရေးသား၍ ပြည်သူလူထုထံဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်နေသည့် JFM ကို လျှို့ဝှက်တက်ကြွလှုပ်ရှားသော အဖွဲ့တစ်ခုအဖြစ် လူသိများသည်။
MOGE အပါအဝင် လေယာဥ်ဆီနှင့်စစ်လက်နက်ပစ္စည်းများကို ပြည်ပမှမြန်မာပြည်တွင်းသို့ တင်သွင်းရောင်းချနေခြင်းအပေါ်တားမြစ်ခြင်းနှင့် အာဏာသိမ်းစစ်အုပ်စုပြုတ်ကျရေးအတွက် အခြားလှုပ်ရှားဆောင်ရွက်မှုများကိုလည်း JFM အနေဖြင့်လည်းကောင်း၊ အခြားရပ်တည်ချက်တူ သည့်အဖွဲ့များဖြင့်လည်းကောင်း ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ယခုလို MOGE အားဒဏ်ခတ်ပိတ်ဆို့ကြောင်း ဆွစ်ဇာလန်နိုင်ငံ၏ဆုံးဖြတ်ချက်မှာလည်း JFM မှ သတင်းအချက်အလက်သိပိုင်ခွင့်နှင့်အညီ စီးပွားရေးရာအတွင်းဝန်ရုံး(SECO)ထံသို့ ၂၀၂၄ ခုနှစ် မတ်လ(၁၃)ရက်နေ့က တောင်းဆိုလွှာတစ်စောင်တင်ခြင်းမှတဆင့် ပေါ်ထွက်လာခြင်းဖြစ်သည်ဟုလည်း JFM က ၎င်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။