မတ်လ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာများထဲသို့ ယခုလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံအမျိုးသမီး တစ်ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ (ဗဟို)က ယမန်နေ့ (မတ်လ ၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ (၈) ရက်နေ့က မုန်းမြို့နယ်ရှိ ကျောက်ကြီးပေါက်ကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ တောင်ငူ လေတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံး (၃) လုံး ကြဲချခဲ့ရာ ၎င်းကျေးရွာအတွင်းရှိ အရပ်သားပြည်သူပိုင် နေအိမ် (၁၀) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။
မတ်လ (၅) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်တွင်လည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) က ဆောထိမြို့နယ်ရှိ ထောလူခိုကျေးရွာအတွင်းသို့ (၁၂၀-မမ) လက်နက်ကြီး (၂) လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် (၄၀) နှစ်အရွယ်ရှိ နောဧပရယ်ဝါး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။
အဆိုပါ ပိန်းဇလုပ် အခြေစိုက်တပ်ရင်းသည် ရွာသားနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီး အသုံးပြု အကြောင်းမဲ့ပစ်ခတ်လေ့ ရှိသည့်အတွက် အရပ်သားနေထိုင်ရာကျေးရွာနှင့် လုပ်ငန်းခွင်သို့ ကျရောက်ပြီး ထိခိုက်နစ်နာမှုများ မကြာခဏ ဖြစ်ပွားလေ့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မတ်လ (၉) ရက်နေ့ တွင်လည်း ကျောက်ကြီးမြို့နယ်အတွင်းရှိ တောင်ခင်ကျေးရွာအတွင်းသို့ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့မှ မီးလောင်ဗုံးအမျိုးအစား လက်နက်ကြီး (၂) လုံး အသုံးပြုကာ ပစ်ချမှု လုပ်ဆောင်ခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။
“ ဒီပိန်းဇလုပ်အခြေစိုက် တပ်ရင်း (၂၆၄) က မီးလောင်ဗုံး လက်နက်ကြီး ၂ လုံးပစ်ချခဲ့တယ်။ တောင်ခင်ရွာအပြင် လယ်ကွက်ထဲမှာ တစ်လုံးကျတယ်။ ကျန်တစ်လုံးက တောင်ခင်ဘုန်းကြီးကျောင်း ထင်းတဲသို့ ကျရောက်ခဲ့တယ်” ဟု ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ကေအိုင်စီသို့ ပြောသည်။
မီးလောင်ဗုံး ပစ်ချမှုတွင် လူထိခိုက်မှု မရှိသော်လည်း ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းဝင်းအတွင်းရှိ ထမ်းစင် ၁ စင် ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရလည်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နှင့် ဆောထိမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သည့် မတ်လ ပထမအပတ်အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများအား အဓိက ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၃) ဦး သေဆုံးကာ နေအိမ် (၈) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။