Home သတင်း စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ရှမ်းမြောက် ဒေသခံ ၁၇ ဦး သေဆုံးဟု SHRF ပြော

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ရှမ်းမြောက် ဒေသခံ ၁၇ ဦး သေဆုံးဟု SHRF ပြော

138
Photo-TNLA

မတ် ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းမြောက်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထိန်းချုပ် နယ်မြေများတွင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကြောင့် ဒေသခံပြည်သူ ၁၇ ဦး သေဆုံးခဲ့ရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်မှ ၂၈ ရက်အထိ စစ်ကောင်စီတပ်များမှ ရှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ထိန်းချုပ်ထားသည့် နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်များသို့ အဓိကထား ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူတို့ သေဆုံးသလို ၄၁ ဦး ဒဏ်ရာရရှိ ခဲ့ သည်ဟု ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်-SHRF မှ ယိန်းလျန်းဟန်က ပြောသည်။

“အခုလိုတွေလေကြောင်းကနေ တိုက်တော့ ဒေသခံတွေက တခြားနေရာတွေကို ပြန်ပြီးရွှေ့ပြောင်း နေထိုင် ကြရ တယ်။ အဲ့တစ်ခုတော့ရှိတာပေါ့။ TNLAကထိန်းချုပ်ထားတယ်ဆိုပေမဲ့ စစ်ဘေးရှောင်တွေလည်း အခုထိရှိနေတုန်း ဘဲ။ လိုအပ်ချက်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေက ရှိနေတုန်းဘဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင်ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထား သည့် မြို့နယ်များတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဘုန်ကြီးကျောင်း ၂ ကျောင်း၊ ဆေးရုံ ၁ ရုံနှင့် ကျောင်း ၁ ကျောင်းအပါအဝင် နေအိမ် အဆောက်အဦး ၈၅ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု SHRF ထံမှ သိရသည်။

အလားတူ ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက် အထိ တစ်ပတ်အတွင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်များတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု SHRF က ထုတ်ပြန်ထားချက်များအရ သိရသည်။