Home သတင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် FBR အဖွဲ့ဝင် ဆေးမှူး(၂)ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် FBR အဖွဲ့ဝင် ဆေးမှူး(၂)ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရ

277
Photo-FBR

မတ်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂)နယ်‌မြေ တောအူး(တောင်ငူ)ခရိုင်၊ ထန်းတပင်မြို့နယ်တစ်နေရာရှိ အရေးပေါ်ဆေးကုသမှုပေးရာသို့ စစ်ကောင်စီက ပြီးခဲ့သည့် မတ်လ(၈)ရက်နေ့တွင် လေကြောင်းမှပစ်ခတ်တိုက်ခိုက်သဖြင့် Free Burma Ranger-FBR အဖွဲ့ဝင် ဆေးမှူး(၂)ဦး သေဆုံးပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

FBR အဖွဲ့ဝင်များ အရေး‌ပေါ်ဆေးကုသမှုပေးနေသည့် နေရာသို့ စစ်‌ကောင်စီက မီးလောင် ဗုံးအများအပြားဖြင့် ပစ်ခတ်ကြဲချခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများအနက် အမည်စုံစမ်းဆဲ ဆေးမှူးတစ်ဦး ‌နေရာတွင်ပင်သေဆုံး၍ အသက်(၂၅)နှစ်အရွယ် နောစေးမူးဖောမှာ မီးလောင်ဒဏ်ရာများဖြင့် မတ်လ (၁၀)ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု FBR က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ‌‌ကော်သူးလေ တောတွင်းဆေးကျောင်း (JSMK) အောင်မြင်ပြီးနောက် ‌ထန်းတပင်ဒေသခံပြည်သူများအတွက် ဆေးကုသမှုပေးခဲ့သည့် နောစေးမူးဖောအပါအဝင် ဆေးမှူးများ‌ထိခိုက်သေဆုံးခြင်းအား FBR က ၎င်းတို့လှုမှုကွန်ရက်စာမျက်နှာမှတဆင့် အကျယ်တဝင့်ဖော်ပြထားသည်။

နော်စေးမူးဖော သေဆုံးခြင်းအပေါ် FBR တည်ထောင်သူ Dave Eubank က “သူက အရမ်းကိုချိုသာပြီး ဖော်ရွေတဲ့မိန်းကလေးပါ၊ အန္တရာယ်ရှိတယ် ဆေးကုသမှုကလည်း လိုအပ်နေတယ်ဆိုတဲ့နေရာမျိုး သွားရမယ်ဆိုရင်လည်း ထိပ်ဆုံးကလိုက်ပါတတ်တဲ့ သူဖြစ်တယ်။ သူ့ကို ကျနော်သမီးလေးလိုပဲသဘောထားတာ။ အခုလိုဆုံးရှုံးလိုက်ရတာ အရမ်းဝမ်းနည်းတယ်။ သူ့မိသားစုကိုလည်း ကျနော်တို့အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်သွားမှာပါ” ဟု ၎င်းက FBR ၏ လူမှုကွန်ရက်မှ ဆိုသည်။

FBR ၏ အဖွဲ့ဝင်ဖြစ်သည့်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၂)၏ တပ်ဖွဲဝင်တစ်ဦးလည်းဖြစ်သည့် နော်စေးမူးဖောအား စိတ်နှလုံးသားလှ၍ သီချင်းအဆိုကောင်းသူ၊ အပြုံးချိုသာသူ၊ အမောပန်းခံနိုင်၍ စိတ်ရှည်သည်းခံတတ်သူဖြစ်ကြောင်းလည်း သိရသည်။

သူမ၏လူနာများအပေါ် စိတ်‌‌စေတနာကောင်းဖြင့် ဆေးကုသမှုပေးတတ်သူဖြစ်ပြီး သင်တန်း များတွင်ဖြစ်စေ၊ ‌ရှေ့တန်းစစ်မျက်နှာပြင်ရှိ အရေး‌ပေါ်ဆေးကုသရသည့်နေရာများတွင်‌ဖြစ်စေ လူနာများအား ကျန်းမာရေးဝန်ဆောင်မှုပေးကာ ဆေးပညာဖြင့်များစွာ အကျိုးပြုခဲ့သူဖြစ်သည်ဟုလည်း FBR က ထည့်သွင်းဖော်ပြသည်။